ထရန့်ရဲ့ နည်းစနစ်ပိုင်း တာဝန်ယူမှု အသစ်ကို ထောက်ပြပြီး ဒီဘရိုင်း တစ်ဦးလောက်ပဲ ပိုသာနိုင်တယ်လို့ ကာရေဂါ ရှင်းပြလာ

လိဒ်စ်ကို လီဗာပူး အနိုင်ရခဲ့ပြီးနောက် ဂျေမီကာရေဂါက နေရာသစ်မှာ တောက်ပနေတဲ့ ထရန့်ကို ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဖန်တီးမှုပိုင်း သူ့ထက်ပိုကောင်းတဲ့သူဆိုလို့ ဒီဘရိုင်းပဲ ရှိတော့တယ်လို့ ပြောဆိုခဲ့ပါတယ်။

လိဒ်စ်၊ အာဆင်နယ်တို့နဲ့ ပွဲတွေမှာ ကလော့ပ်ဟာ လီဗာပူးရဲ့ ကစားကွက်ကို ပြောင်းလဲခဲ့တာကြောင့် အသက် ၂၄နှစ်အရွယ် ကစားသမားဟာ အသင်းက ဘောလုံးရထားချိန်မှာ ကွင်းလယ် အတွင်းလူ နေရာကို ရွှေ့ကစားခဲ့ရပါတယ်။

စနစ် အပြောင်းအလဲမှာ ခံစစ်ကာကွယ်မှုတွေအတွက် ခံစစ်သမား ၃ ယောက်ပဲ ကျန်ရှိတော့ပြီး ပြိုင်ဘက်တွေ ကျော်ဖြတ်ဖို့ ကြိုးစားလာတဲ့ ကနဦးအဆင့် ဖိအားပေးခံရမှုတွေကို ဖာဘင်ညိုက ကိုင်တွယ်ပေးရတာ ဖြစ်ပါတယ်။

“ ထရန့်က ကွင်းလယ်မှာနေချိန် ပွဲထဲမှာ ပိုပြီးပတ်သက်မှုရှိလာတာ၊ ပိုပြီး လှုပ်ရှားလာရတာတွေက သူ့အတွက် လုံးဝ အံကိုက်ဖြစ်တယ်လို့ ထင်ပါတယ်။ ပြိုင်ဘက်ခံစစ်ကြောင်းကို ကွဲသွားစေတဲ့ ပေးပို့မှုတွေ လုပ်တဲ့နေရာမှာ သူ့ထက် ပိုကောင်းတဲ့သူဆိုလို့ ပရီးမီးယားလိဂ်မှာ ဒီဘရိုင်းပဲ ရှိပါတယ် ” လို့ ကာရေဂါက ဆိုပါတယ်။

ထရန့်ရဲ့ ခြေစွမ်းဟာ နီးနီးစပ်စပ် နှိုင်းယှဉ်ရမယ့်ဆိုရင် ကွင်းလယ်ရဲ့ နေရာတကာမှာ ရှိနေပြီး တကွင်းလုံး ပတ်ဆော့နေတဲ့ စတီဗင်ဂျရတ်လိုပဲလို့တောင် ကာရေဂါက မှတ်ချက်ပေးခဲ့တယ်။ ထရန့် ဟာ လိဒ်စ်နဲ့ပွဲမှာ ဘောလုံးထိချက် ၁၅၃ကြိမ်တောင် ရှိခဲ့ပါတယ်။

ကာရေဂါဟာ အသင်းကစားကွက် စာရွက်ထဲမှာ ထရန့် ဘယ်နေရာမှာပဲ ရှိနေပါစေ အတွင်းလူ နေရာတဝိုက်မှာ ထရန့် ဘောလုံးကိုင်ထားတာကိုပဲ မြင်ချင်တယ်လို့ ထောက်ပြခဲ့တယ်။

ဆက်ပြီးလည်း “ သူလုပ်သလိုမျိုး လုပ်နိုင်တဲ့ ကစားသမားမျိုးက ကမ္ဘာပေါ်မှာ တကယ်ကို နည်းနည်းလေးပဲရှိတယ်။ အဲ့ဧရိယာထဲ သူ ဘောလုံးကိုင်ထားတဲ့အချိန် သူ့လို လုပ်နိုင်တဲ့ ကစားသမား ဘယ်သူရှိမလဲလို့ တွေးကြည့်လိုက်ရင် ဒီဘရိုင်းတစ်ယောက်ပဲ တွေ့တယ်။

နည်းပြအဖွဲ့ဝင်တွေက တစ်ပွဲလုံး ထရန့်ကို အဲ့နေရာမှာ ပုံမှန် ဘောလုံးရအောင် လုပ်ပေးဖို့ပဲ။ အဲ့လိုသာဆိုရင် သူက တစ်ဂိုးပြီးတစ်ဂိုး ဖန်တီးပေးနေလိမ့်မယ်” လို့ ကာရေဂါက ထပ်ပြောခဲ့တာ ဖြစ်ပါတယ်။