လီဗာပူး မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက်ကိုပဲ မေဆန်မောင့် ပြောင်းလိုရခြင်း အကြောင်းရင်း

ချယ်ဆီးနဲ့ အင်္ဂလန်သား တိုက်စစ်သမား မေဆန်မောင့် ကို ဒီနွေ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး တို့ အဓိက ပစ်မှတ်ထားနေပါတယ်။

မောင့်ရဲ့ လက်ရှိကလပ် ချယ်ဆီးအသင်းကလည်း သူတို့ အကယ်ဒမီထွက် ဖြစ်သလို အင်္ဂလန်သားလည်း ဖြစ်နေတဲ့ မေဆန်မောင့်အား လက်လွှတ်လိုခြင်း မရှိဘဲ စာချုပ်သစ် အတွက် စည်းရုံးနေပါတယ်။

ဒါပေမယ့် ကစားသမားကတော့ ချယ်ဆီးရဲ့ စာချုပ်သစ်ကို ငြင်းဆန်ကာ အသင်းပြောင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်နေပါတယ်။

တယ်လီဂရပ်ဖ် သတင်းဌာန အဆိုအရ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ သူ့ရဲ့ အသင်းသစ် အဖြစ် လီဗာပူး အစား မန်ချက်စတာ ယူနိုက်တက်ကိုပဲ သွားဖို့ ရွေးချယ်ထားပြီ လို့ သိရပါတယ်။

မန်ယူမှ မန်ယူလို့ ရွေးချယ်ထားရတဲ့ အဓိက အကြောင်း တချက်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ရာသီ ချန်ပီယံလိဂ်မှာ ကစားရမှာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ ဒီအချက်က အင်္ဂလန်သားရဲ့ ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှုကြီး ရှိစေခဲ့တာပါ။

လီဗာပူးအသင်းရော မောင့်ရဲ့ လက်ရှိကလပ် ချယ်ဆီး အသင်းရောက နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရမထားပါဘူး။ လက်ရှိ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ မောင့် ကို အနောက်လန်ဒန် ကလပ်ကတော့ ပေါင် သန်း ၇ဝ အနည်းဆုံး ရမှ ရောင်းမယ် လို့ ဈေးခေါ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပေါင် သန်း ၄ဝ နဲ့ ကနဦး ကမ်းလှမ်းပြီး ပယ်ချခံထားရကာ နောက်တစ်ကြိမ်နဲ့ နောက်ဆုံး ကမ်းလှမ်းမှု အဖြစ် ပေါင် သန်း ၅ဝ နဲ့သာ ပြုလုပ်တော့မယ် လို့ သိရပါတယ်။