ချယ်ဆီး၊ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ်တို့ ဝင်မွှေနေတဲ့ အပြောင်းအရွှေ့ ထူးခြား သတင်းများ

ဘိုင်ယန်မြူးနစ်ဘက်က ပွဲကစားခွင့် အာမခံချက် မပေးဘူးဆိုရင် ဒီနွေမှာ အသင်းပြောင်းမှာပါလို့ ကွင်းလယ်လူ ဘရာဗင်ဘက်ချ်က ထုတ်ပြောလာပါတယ်။

မန်စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်က ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိတော့မှာဖြစ်ပါတယ်။ ကက်တလန်ကလပ်က ဂွမ်ဒိုဂန်ကို သူတို့ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်လူ မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးကို ကနဦး ပေါင် ၄၅ သန်း + ထပ်တိုးကြေး ပေါင် ၅ သန်းဖြင့် တိုးမြှင့်ကမ်းလှမ်းပေမယ့် ချယ်ဆီးဘက်က ပယ်ချခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ကိုင်ဟာဗက်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းနဲ့ အနာဂတ်မှာ ပေါင် ၃ သန်း ထပ်ပေးဖို့ ကမ်းလှမ်းခဲ့ရာ ချယ်ဆီးဘက်က သဘောတူညီလိုက်ပါပြီ။

ကူလီဘာလေဟာ ဆော်ဒီလိဂ်ထံ ယူရို ၂၅ သန်းဖြင့် ပြောင်းရွှေ့မှာဖြစ်သလို ဇီယက်ချ်ကလည်း ယူရို ၈ သန်း ဝန်းကျင်ဖြင့် ရောက်ရှိသွားဖို့ နီးစပ်နေပါပြီ။

ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး တစ်ရပ်အပြင် မက်ဂွဲရား ဒါမှမဟုတ် တော်မီနေးတို့ထဲက တစ်ဦးကို အလဲအထပ် ခေါ်ယူခွင့်မျိုး မန်ချက်စတာ ယူနိုက်တက်ဘက်က ကမ်းလှမ်းသွားတော့မှာ ဖြစ်ပါတယ်။

တော်တင်ဟမ် ကြယ်ပွင့် ဆွန်ယောင်မင်ဟာ ဆော်ဒီကလပ် Al-Ittihad အသင်းထံက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ရဲ့ အေးဂျင့်နဲ့ စကားပြောမှု ပြုလုပ်ခဲ့ပါတယ်။ ဂျူဗင်ဘက်ကတော့ ပြင်သစ်သားကို ဆက်ထိန်းလိုနေပြီး လာမယ့် ရက်တွေအတွင်း ဆုံးဖြတ်ချက် သိရပါလိမ့်မယ်။

မန်စီးတီးအသင်းဟာ ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ကို ပေါင် ၂၅ သန်း + ပေါင် ၅ သန်းဖြင့် ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် နိုက်အသင်း ကွင်းလယ်လူ တူဟမ်ကို ခေါ်ယူရေး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရလုဖြစ်ပေမယ့် ကမ်းလှမ်းမှုကိုတော့ ဇူလိုင်လမှာ ပြီးဆုံးမယ့် ယူ-၂၁ အဆင့် ယူရို ပြိုင်ပွဲ အပြီးမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရုစ်ဟာ လာလီဂါကလပ်မှာ ၂၀၂၄ ခုနှစ်ထိ ဆက်နေဖို့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။