အမ်ဘာပေကို မန်စီးတီးအသင်းက ခေါ်ယူသွားမှာ မဟုတ်ပါဘူး

ပြင်သစ်ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေးဟာ လက်ရှိ စာချုပ် သက်တမ်းကုန်ရင် အသင်းပြောင်းမှာဖြစ်ကြောင်း ထုတ်ပြောထားကာ ဥရောပ ထိပ်သီးတွေနဲ့ အပြောင်းအရွှေ့ ဖော်ပြခံရမှုတွေ ထွက်ပေါ်လာပါတယ်။

လာမယ့်ရာသီ ပီအက်စ်ဂျီမှာပဲ ဆက်ကစားသွားမှာ ဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုမှာ မဟုတ်တာမို့ မကြာခင်မှာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းကို လီဂူးဝမ်းကလပ်က ရောင်းချရတော့မှာပါ။ ဒီနွေမှာ ရောင်းမလား ဒါမှမဟုတ် ကလပ်မှာ ဆက်နေဖို့ ထပ်ပြီး စည်းရုံးမလား ဆိုတာဟာ ပီအက်စ်ဂျီအပေါ် မူတည်နေပါတယ်။

ကာတာပိုင်ရှင်တွေအောက် ရောက်ရှိခဲ့ရင် မန်ချက်စတာ ယူနိုက်တက်က အမ်ဘာပေးကို ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဒါ့အပြင် မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်စီးတီးကလည်း အမ်ဘာပေးကို ခေါ်ယူနိုင်မယ့် ကလပ်တွေထဲက တစ်သင်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူတို့အသင်း အမ်ဘာပေကို ခေါ်ယူဖို့ဆိုတာဟာ ဖြစ်မလာနိုင်တဲ့ ကိစ္စလို့ ထင်မြင်နေပါတယ်။ ဒါကြောင့်ပဲ အပြောင်းအရွှေ့ သတင်းတွေ ထပ်မဖြစ်လာဖို့ ယတိပြတ် စကားတစ်ခွန်း ပြောလာခဲ့တယ်။

ဂွာဒီယိုလာက ” ကျနော်တို့ အမ်ဘာပေကို လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ သူက မန်စီးတီးကို ပြောင်းလာမှာ မဟုတ်ဘူး။ သူ ဘယ်ကို သွားချင်တယ်ဆိုတာ အားလုံး သိကြပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

အမ်ဘာပေဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ကို စိတ်ဆန္ဒ ပြင်းပြနေတာပါ။ မက်ဒရစ်ကလည်း ဒီနွေမှာ ခေါ်ယူမှုကို အပြီးသတ်ထားကာ ၂၀၂၄ မှာ အမ်ဘာပေကို ချိတ်ဆက်ဖို့ ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။