ကစားကွက် အသစ်အတွက် သော့ချက်ကို လီဗာပူးအသင်း ရှာတွေ့သွားပြီလို့ သောမက်စ် ဖရန့် သုံးသပ်

ထရန့် အလက်ဇန္ဒါး-အာနိုးဟာ လီဗာပူးအတွက် သူ့ရဲ့ နှစ်မျိုးစပ် နေရာအသစ်မှာ ဆက်လက် ထူးချွန်နေသလို ကွင်းလယ်မှာ တောက်ပတဲ့ အနာဂတ်ရှိနေတယ်လို့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က ယူဆထားပါတယ်။

ထရန့်ဟာ လိဒ်စ်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအတွင်း လီဗာပူးအသင်းဖော်တွေအတွက် ဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးခဲ့တာပါ။ အဲ့ဒီ့ပွဲမှာ ဂက်ပို၊ ဆာလာ (၂ဂိုး)၊ ဂျိုတာ (၂ဂိုး)၊ ဒါဝင် နူညက်တို့က အသီးသီး ဂိုးတွေသွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် မျက်စိကျစရာဖြစ်ခဲ့သူကတော ထရန့်ရယ်ပါ။ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ ၄-၃-၃ ပုံစံကနေ ၃-၂-၂-၃ ပုံစံကို ပြောင်းလဲလိုက်သလို ထရန့်က ညာနောက်တန်းကနေ ကွင်းလယ်ထဲ ဝင်ကစားခဲ့ပါတယ်။

ကလော့ပ်ဟာ ဗဟိုနေရာတွေမှာ ထရန့်ရဲ့ ဖန်တီးနိင်စွမ်းကို အသုံးချနိုင်ခဲ့တာပါ။ နောက်လထဲ လီဗာပူးနဲ့ တွေ့ဆုံရဖို့ ရှိနေတဲ့ ဘရန့်ဖို့ဒ်နည်းပြက ထရန့်နဲ့ သူ့ရဲ့ အရည်အသွေးတွေကို ချီးမွမ်းခန်းဖွင့်ခဲ့သလို ကလော့ပ်ရဲ့ နည်းဗျူဟာအသစ်က သင့်တော်မှန်ကန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ထရန့်က ညာနောက်ခံလူအနေနဲ့ ကစားနိုင်တယ်ဆိုပြီး ကျွန်တော်က ထိုင်တွေးနေခဲ့တာ။ ဒါပေမယ့် သူတို့က ဘောလုံးပိုင်ဆိုင်မှုရရင် ထရန့်ကို နံပါတ် ၆ ဒါမှမဟုတ် နံပါတ် ၈ လိုမျိုး ကစားခိုင်းတယ်။

လီဗာပူးက သူတို့ လွှမ်းမိုးထိန်းချုပ်ထားနိုင်လောက်တဲ့ အသင်းတွေနဲ့ဆိုရင် ထရန့်ကို ညာနောက်တန်းမှာ ကစားခိုင်းပြီး ပိုကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကွင်းလယ်မှာ ကစားခိုင်းတယ်။ နောက်ကျရင် သူက ကွင်းလယ်ကစားသမား ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးအသင်း ဘယ်လိုကစားချင်တာလဲ ဆိုတာ ကျွန်တော် နားလည်သွားတယ်။ ထရန့်က တာဝန်တွေအများကြီးကို ယူထားတာပါ။

တချို့ ကျွမ်းကျင်သူတွေက ထရန့်ကို ခံစစ်မှာ ပိုကောင်းအောင် လုပ်သင့်တယ်ဆိုပြီး ပြောကြတယ်။ အဲ့ဒါက လီဗာပူးရဲ့ ကစားပုံနဲ့ နည်းနည်းသက်ဆိုင်ပါတယ်။ သူတို့တွေ ထိပ်တန်းဖြစ်နေရင် သူတို့ကို ယှဉ်လို့တောင်မရဘူး။ ပုံမှန်ပြသခဲ့သလိုမျိုး သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ။

ဒါပေမယ့် ထရန့်က အရမ်းကို အရှေ့ရောက်လွန်းတော့ အနောက်မှာ ကာကွယ်ရမယ့် ဟာကွက်က ကြီးသွားတယ်။ လိဒ်စ်နဲ့ပွဲမှာ ရော်ဘတ်ဆန်နဲ့ ထရန့်ကို အမြဲတမ်း နှစ်ယောက်တွဲ တွေ့ရတယ်။ ကူညီဖို့အတွက် တယောက်ယောက်က အမြဲရှိနေတာ။ ဒါကလဲ အဓိကကျတယ်လို့ ထင်ပါတယ် ” ဆိုပြီး ဖရန့်က ပြောဆိုခဲ့တာဖြစ်ပါတယ်။