လီဗာပူး ဦးစားပေး ပစ်မှတ် မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့ အခြေအနေ ထူးခြားမှုတွေ စတင်လာ

ဒီကာလတွေအတွင်း လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ နောက်ကွယ်က ကျိတ်ပြီး လွန်ဆွဲနေတဲ့ မေဆန်မောင့် အပြောင်းအရွှေ့ ကိစ္စဟာ ထူးခြားမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ homegrown ကစားသမားကို ဒီနွေမှာ လက်လွတ်မခံဘဲ ဆက်လက် ထိန်းထားဖို့ ကြိုးစားနေတာပါ။ ဘယ်လင်ဟမ်ကို မခေါ်ယူနိုင်တော့တဲ့ လီဗာပူးကလည်း အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် မောင့်ကို ဦးတည်လာခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ချယ်ဆီးသတင်းထောက် Simon Phillips အပါအဝင် လန်ဒန် သတင်းထောက်တွေဘက်က ဖော်ပြလာရာမှာတော့ မေဆန်မောင့်အတွက် အားပြိုင်မှုမှာ ချယ်ဆီးက အခွင့်အရေး နည်းပါးလာပြီဖြစ်ပြီး လီဗာပူးက အရေးသာလာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ကမ်းလှမ်းမှုတွေကို မေဆန်မောင့်ဘက်က သဘောမတူရာက စာချုပ်သစ် ညိနှိုင်းမှု ရပ်နားထားချိန် လီဗာပူးဘက်က ကွင်းလယ်လူကို ခေါ်ယူရေး နီးနီးကပ်ကပ် ကြိုးစားနေတာပါ။ လီဗာပူးအသင်းဟာ ချယ်ဆီး တောင်းဆိုတဲ့အတိုင်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ပေးဖို့လည်း စိတ်ကူးမရှိပါဘူး။

အစောပိုင်းမှာ မေဆန်မောင့်ကို ခေါ်ယူရေး နယူးကာဆယ်အသင်း စိတ်ဝင်စားပေမယ့် ၎င်းတို့ရဲ့ လုပ်ခပိုင်း တည်ဆောက်မှုကို မချိုးဖျက်လိုတာကြောင့် နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် တစ်ပတ်ကို ပေါင် ၂ သိန်း ဝန်းကျင် ပေးရမယ်လို့ သိထားရတယ်။

လီဗာပူးအသင်းဟာ ဂရာဗင်ဘက်ချ်၊ မေဆန်မောင့် နှစ်ဦးအတွက် စတင် ကြိုးစားနေတာဖြစ်ပြီး သူတို့အတွက်တင် ကာလရှည် ခြေချုပ်မိခံမှာ မဟုတ်ဘဲ ညိနှိုင်းမှု ကြာနေမယ်ဆိုရင် အခြားသော ပစ်မှတ်တွေထံ ကူးပြောင်းမှာပဲ ဖြစ်ပါတယ်။