အစစ အရာရာမှာ ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကစားသမားကို ဗန်ဒါဘတ် ထုတ်ပြောလာ

လီဗာပူးအသင်းဟာ ဒီနွေ ဦးစားပေးပစ်မှတ် ဘယ်လင်ဟမ်ကို ရွေးချယ်ထားရာက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခြားသော ကွင်းလယ်လူတွေဘက်ကို ဦးလှည့်ရတော့မှာပါ။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူအတွက် လီဗာပူးဘက်က ပေါင် သန်း ၈၀ ပေးဖို့ မနှစ်နွေမှာ ရည်ရွယ်ထားပေမယ့် ကမ္ဘာ့ဖလားမှာ တောက်ပခြင်းနဲ့ ဒေါ့မွန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရသူ ဖြစ်လာခြင်း အကြောင်းရင်းတွေ အောက်မှာ သူ့ရဲ့ တန်ကြေးအဖြစ် ပေါင် ၁၃၂ သန်းထိ တောင်းဆိုခံရပါတယ်။

အဆိုပါ ငွေကြေးဟာ ဘောလုံးကလပ်တစ်သင်း ခေါ်ယူနိုင်တဲ့ ပမာဏ မဟုတ်ဘူးလို့ လီဗာပူးဘက်က ယုံကြည်ထားတယ်။ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဗန်ဒါဘတ်က ဥရောပ စျေးကွက်ထဲမှာ ဘယ်လင်ဟမ်ထက် ပိုကောင်းတဲ့ ကွင်းလယ်လူ ရှိနေကြောင်း ထုတ်ပြောလာပါတယ်။

ဗန်ဒါဘတ် ပိုကြိုက်နေတဲ့ ကစားသမားက အခြားသူ မဟုတ်ဘဲ လက်ရှိ လီဗာပူး လိုက်နေတဲ့ အသက် ၂၀ အရွယ် နယ်သာလန်သား ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ပဲ ဖြစ်ပါတယ်။ အေဂျက် အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဂရာဗင်ဘက်ချ်ဟာ လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းအတွက် ကစားပေးနေပါတယ်။

ဗန်ဒါဘတ်က ” ဘယ်လင်ဟမ်နဲ့ ကျနော် သဘောကျတဲ့ ကစားသမားကြား အကြီးမားဆုံး ခြားနားမှုက ဘယ်လင်ဟမ်ဟာ အသင်းငယ် တစ်သင်းကနေ ပေါ်ထွက်လာပြီး အမြဲတမ်း ပွဲကစားခွင့်ရနေတဲ့ အချက်ပါ။

ကစားသမားသစ် တစ်ယောက်က အသင်းသစ် တစ်သင်းထံ ကူးပြောင်းချိန် ဘာက အရေးကြီးဆုံးလဲ ခင်ဗျားတို့ သိကြလား? ပထမဆုံး လေ့ကျင့်ချိန် ၂ ချိန်ပဲ ဖြစ်ပါတယ်။ လေ့ကျင့်ရေး အစီအစဉ်တိုင်း၊ လေ့ကျင့်ရေးပွဲတိုင်းမှာ ကိုယ်က သိပ်ကောင်းတဲ့ ခေါ်ယူမှုဆိုတာ ပြသဖို့ လိုအပ်တာပေါ့။

ဘယ်လင်ဟမ်ထက် ဂရာဗင်ဘက်ချ်က နေရာတိုင်းမှာ ပိုကောင်းပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာမှာပေါ့။ သူ့အနေနဲ့ ပွဲတွေမှာ ပါဝင်ကစားခွင့်ရဖို့ပဲ လိုအပ်တာပါ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က ဂရာဗင်ဘက်ချ်ကို မရောင်းဘူးလို့ ငြင်းဆန်နေပြီး ကစားသမားဟာ နှစ်သင်း တာဝန်ရှိသူတွေနဲ့ ညိနှိုင်းမှု ပြုလုပ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။