လီဗာပူးက အများကြီး ပြန်ဖြည့်ရမှာဖြစ်ပြီး ဆိုးရွားနေတဲ့ ချယ်ဆီးကတောင် အများကြီး အင်အားသာကြောင်း ဂယ်ရီနဗီး နှိုင်းယှဉ်

ဒီရာသီမှာ လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ဟာ အတော်လေးကို ခက်ခဲတဲ့ အခြေအနေ ရင်ဆိုင်နေရပေမယ့် လန်ဒန်ကလပ်ဟာ ကလော့ပ်ရဲ့ အသင်းထက် အင်အားတောင့်တယ်လို့ စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးက မှတ်ချက်ပေးပါတယ်။

ချယ်ဆီးဟာ လီဗာပူးထက် ရလဒ်တွေ ဆိုးနေပေမယ့် သူတို့အသင်းမှာက ပဲ့ကိုင်ပေးဖို့ နည်းပြကောင်း လိုအပ်နေတာလို့ နဗီးက ပြောပါတယ်။ တကယ်တမ်း အရည်အချင်းရှိ ကစားသမား အင်အားချင်း နှိုင်းယှဉ်ရင် လီဗာပူးလူစာရင်းထက် အများကြီး သာတယ်လို့ သူက မှတ်ချက်ပေးပါတယ်။

ဂယ်ရီနဗီးက ‘ ချယ်ဆီးက မန်နေဂျာ တစ်ယောက်တော့ ခေါ်ရမှာပေါ့။ နောက်ပြီး တိုက်စစ်မှူး တစ်ဦးနဲ့ ဂိုးသမား တစ်ဦး ထပ်ရရင် ပိုကောင်းပါလိမ့်မယ်။ လီဗာပူးနဲ့ သူတို့ပွဲကို ကြည့်တုန်းက ခံစစ်မှာ ဖိုဖာနာက သိပ်ကောင်းခဲ့တယ်။ ဘတ်ဒီယာရှိုင်းနဲ့ ကူလီဘာလေလို ခံစစ်မှူးတွေလည်း ရှိနေပါသေးတယ်။

ချယ်ဆီးရဲ့ အစွန်လူတွေက သိပ်ကောင်းကြပါတယ်။ အကယ်လို့ ချီးဝဲလ်နဲ့ ရိစ်ဂျိမ်းတို့ ကြံ့ခိုင်နေမယ်ဆိုရင် သူတို့ ခံစစ်က သိပ်ကို တောင်းတင်းပါတယ်။ ခံစစ်မှူး သီယေဂိုလည်း ပြန်လာနိုင်တော့မှာပါ။

ကွင်းလယ်ကို ကြည့်မယ်ဆိုရင် အန်ဇို၊ ကိုဗာဆစ်နဲ့ ကန်တေတို့ရှိနေတဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာတော့ မန်စီးတီးကွင်းလယ်ပြီးရင် အကောင်းဆုံး ကွင်းလယ် ၃ ယောက်တန်း ဖြစ်ပါလိမ့်မယ်။ ချယ်ဆီးမှာ ကစားသမားကောင်းတွေ အများကြီး ရှိတယ်။

တကယ်ဆိုရင် ချယ်ဆီးဟာ လီဗာပူးထက်တောင် အင်အားပို တောင့်တင်းနေတာပါ။ လီဗာပူးက အများကြီး ပြန်တည်ဆောက်ဖို့ လိုအပ်နေတယ်။ ချယ်ဆီးက ပုံစံကောင်း မရသေးပေမယ့် သူတို့မှာ ရှိထားတဲ့ ကစားသမားတွေနဲ့ဆိုရင် ပိုကောင်းတဲ့ အသင်း ဖြစ်လာနိုင်နေပါပြီ ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် အင်္ဂလန် ကြီး ၆ ကြီးထဲမှာ လီဗာပူးထက် လူစာရင်း အားနည်းတာဆိုလို့ စပါးတစ်သင်းလောက်ပဲ ကျန်ပါတော့တယ်။ အာဆင်နယ်မှာလည်း လူငယ်ကြယ်ပွင့် အများအပြား ရှိလာနေတာပါ။ လီဗာပူးအသင်းမှာ ထိပ်တန်း ကစားသမားတွေ ရှိနေဆဲဆိုပေမယ့် ဗန်ဒိုက်၊ သီယေဂို၊ ဆာလာတို့က ၃၀ တန်းကို ကျော်ခဲ့ကြပါပြီ။

လီဗာပူးအသင်းဟာ တိုက်စစ်မှာ အတော်လေး အင်အားကောင်းသေးပေမယ့် ကွင်းလယ်နဲ့ ခံစစ်မှာ အင်အားနည်းလွန်းနေပါတယ်။ ဒီနွေမှာ အင်အားဖြည့်မှု မလုပ်ရင်တော့ ထိပ်ဆုံး နေရာကို စိန်ခေါ်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။