ဗဟိုခံစစ်မှူး နေရာ အားဖြည့်ရေးအတွက် လီဗာပူးအသင်း စာရင်း လုပ်ထားတဲ့ ကစားသမား (၆) ဦး

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ဗဟိုခံစစ်ကို အပြောင်းအလဲ ပြုလုပ်သွားဦးမှာ ဖြစ်ပြီး အနည်းဆုံး ခံစစ်မှူးသစ် တစ်ဦးကို ခေါ်ယူမယ်လို့ သိရပါတယ်။

လက်ရှိ လီဗာပူးခံစစ်မှာတော့ ဗန်ဒိုက်၊ ကိုနတေး၊ မာတစ်၊ ဂိုးမက်စ်၊ နက်ဖီးလစ်နဲ့ ရိုင်းဝီလီယမ်ဆိုပြီး ၆ ဦးရှိပါတယ်။ နောက်ဆုံး ၂ ဦးကတော့ ဒီနွေမှာ အသင်းကနေ ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။ မာတစ်ကို ရောင်းထုတ်မယ်လို့ သတင်းထွက်ပေမယ့် ဖြစ်နိုင်ချေ နည်းပါးပါတယ်။

ဒါပေမယ့်လို့ ဗန်ဒိုက်၊ မာတစ်လို ဒီနှစ်တွေအတွင်း အသင်းရဲ့ ထောက်တိုင် ခံစစ်မှူးတွေ အရွယ်ရောက်လာခြင်းကြောင့် အရည်အချင်းရှိ ခံစစ်မှူးသစ် ခေါ်ယူရေး လိုအပ်လာပါတယ်။ ဒီနေရာအတွက် လီဗာပူး စာရင်းလုပ်ထားတဲ့ ကစားသမားတွေကို ဖော်ပြသွားပါမယ်။

လီဗီကိုးဝဲလ်

လီဗာပူးရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်တွေထဲမှာ ချယ်ဆီး ခံစစ်မှူး ကိုးဝဲလ် ပါဝင်ပြီး လက်တလော သူ့ကို ချိတ်ဆက်မှု ရှိနေပါတယ်။ ချယ်ဆီးအသင်းဟာ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အသက် ၂၀ အရွယ် ခံစစ်မှူး လီဝီ ကိုးဝဲလ်ကို ဆက်ထိန်းထားလိုပါတယ်။

ဒါပေမယ့် သူတို့အသင်း ဘဏ္ဍာရေး ဟန်ချက်ညီဖို့ရာ စီနီယာအဆင့်မှာ နေရာမပေးနိုင်သူ အချို့ကို ရောင်းထုတ်ရမှာပါ။ လက်ရှိ ဘရိုက်တန်မှာ အငှားထွက်ကစားနေတဲ့ အင်္ဂလန်သားဟာ ပွဲကစားခွင့် ပိုရမယ့် အခွင့်အရေးကို အလိုရှိပါတယ်။

ယူရို သန်း ၁၀၀ တန် ၃ ဦး

ဥရောပတလွှားက ခံစစ်မှူးတွေကို လိုက်လံ စောင့်ကြည့်နေမှုမှာ လူသိများနေသူ ၃ ဦးကတော့ လိုက်ဇစ်မှ အသက် ၂၁ နှစ်အရွယ် ဂါဗာဒီယို၊ ဘင်ဖီကာမှ ၁၉ နှစ်အရွယ် အန်တိုနီယို ဆေးဗား၊ စပို့တင်းမှ ၂၁ နှစ်အရွယ် ဂွန်ကာလို အီနာဆီယိုတို့ ဖြစ်ပါတယ်။

အန်တိုနီယို ဆေးဗားနဲ့ ဂွန်ကာလို အီနာဆီယိုတို့ကို စောင့်ကြည့်ရေး လီဗာပူး ကင်းထောက်တွေဟာ ပေါ်တူဂီပွဲတွေထိ လိုက်ပါ ကြည့်ရှုထားတာပါ။ ဂါဗာဒီယိုကို စိတ်ဝင်စားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက စကားပြောမှု ရှိခဲ့ကြောင်းကို ရိုမန်နိုက ထုတ်ပြောထားတာ ဖြစ်ပါတယ်။

နယ်သာလန်သား ၂ ဦး

စီးရီးအေကလပ် တိုရီနိုအသင်းမှ အသက် ၂၃ နှစ်အရွယ် ပါးရှော့ယာစ်ကိုလည်း လီဗာပူးအသင်း သဘောကျနေကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် အေဂျက်ခံစစ်မှူး တမ်ဘာရဲ့ ကောင်မလေးဟာ မာဆေးဆိုဒ်မှာ အိမ်ရှာနေပြီး သူတို့ စုံတွဲရဲ့ အနာဂတ်ဟာ အင်္ဂလန်လိဂ်ထံ ပြောင်းလာဖို့ ဖြစ်မယ်လို့ သတင်းထွက်မှုလည်း ရှိပါတယ်။