အဆင့် ၈ မှာပဲ ရှိသေးတဲ့ လီဗာပူးရဲ့ ထိပ်ဆုံး ၄ သင်းနဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့်အတွက် အဓိက ပြိုင်ဘက်များ

လီဗာပူးအသင်းဟာ လိဒ်စ်ယူနိုက်တက်ကို ၆-၁ ဖြင့် အနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာပဲ ဆက်ရှိနေပါသေးတယ်။

ရာသီသိမ်းဖို့ ၈ ပွဲပဲ ကျန်တော့ချိန်မှာ အဆင့် ၄ နေရာနဲ့ ၉ မှတ် ကွာဟနေခြင်းကြောင့် လီဗာပူးရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဝေဝါးနေပြီး ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်ပြိုင်ပွဲထံ ပါဝင်ယှဉ်ပြိုင်ရဖို့က အနီးကပ် အနေအထား ဖြစ်နေတာပါ။

လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် လီဗာပူးအသင်း အဓိက ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေနဲ့ အားအကောင်းဆုံး ပြိုင်ဘက်တွေကို ဖော်ပြသွားပါမယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးရဲ့ အဓိက ပြိုင်ဘက်က နယူးကာဆယ်ဖြစ်ပါတယ်။ လက်တလောမှာတင် ၉ မှတ်ကွာဟနေပြီး နှစ်သင်းကြား ထိပ်တိုက်တွေ့စရာ မရှိတော့ပါဘူး။ လီဗာပူးက လက်ကျန် ၈ ပွဲကို အနိုင်ရရင်တောင် နယူးကာဆယ်တို့ ၃ ပွဲ အနည်းဆုံး အရေးနိမ့်မှ အဆင့် ၄ ထဲ ဝင်နိုင်ပါမယ်။

အဆင့် ၅ နေရာမှ စပါးအသင်းနဲ့ အဆင့် ၆ နေရာက အက်စတွန်ဗီလာတို့ဟာ လီဗာပူးကို အန်ဖီးကွင်းမှာ လာရောက် ရင်ဆိုင်ရဦးမှာပါ။ လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရရင် အသင်းက သူတို့နှစ်သင်းရဲ့ အထက်ကနေ ရာသီသိမ်းနိုင်ပါတယ်။

အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်နဲ့ ထပ်မံ တွေ့ဆုံဖို့ မရှိတော့ပါဘူး။ ဘရိုက်တန်ဟာ လီဗာပူးထက် ၁ ပွဲလျော့ကစား ၂ မှတ်အသာဖြစ်ပေမယ့် သူတို့အသင်း လက်ကျန်ပွဲတွေမှာ မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့ ရှိနေသေးတာမို့ အမှတ်တွေ လျော့နိုင်ပါသေးတယ်။

ဒါကြောင့် ဒီရာသီ အသင်းရဲ့ ထိပ်ဆုံး ၄ သင်းဝင်ခွင့်အတွက် အဓိက ပြိုင်ဘက်က နယူးကာဆယ်ဖြစ်ပြီး ယူရိုပါလိဂ် ၂ နေရာစာနဲ့ ကွန်းဖရန့်လိဂ် ၁ နေရာစာ အတွက်တော့ စပါး၊ အက်စတွန်ဗီလာ၊ ဘရိုက်တန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။