ဗြိတိန် မီဒီယာတွေက အမွှန်းတင်နေသလောက် လီဗာပူး အသိုင်းအဝိုင်းကတော့ လိဒ်စ် နိုင်ပွဲကို ချီးကျူးဖို့ နှုတ်ဆိတ်

လိဒ်စ်ယူနိုက်တက်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရတဲ့နောက် အင်္ဂလန်မီဒီယာတွေက အညှာအတာကင်းတဲ့ လီဗာပူးအသင်းကို ချီးကျူးမှုတွေ ပြုလုပ်လာကြကာ အဆင့် ၄ ဝင်ခွင့်ပြိုင်ပွဲက မပြီးသေးဘူးလို့ ထောက်ခံခဲ့ကြပါတယ်။

ဒေးလီးမေလ်က “ လီဗာပူးက သိပ်ကောင်းပြီး အညှာအတာကင်းတယ်၊ မယုံနိုင်စရာ ဘောလုံးရာသီမှာတောင် ကလော့ပ်ရဲ့ အသင်းက ဘုန်းမောက်ကို ၉ ဂိုး၊ ရိန်းဂျားနဲ့ မန်ယူနိုက်တက်ကို ၇ ဂိုး၊ လိဒ်စ်ကို ၆ ဂိုး သွင်းနေဆဲပဲ။ နောက်ရာသီ အတွက် မျှော်လင့်စရာ အနည်းငယ်ကို မြင်နေရဆဲပါပဲ ” လို့ ချီးကျူးခဲ့တယ်။

တယ်လီဂရပ်က ဆိုရင် “ ယာဂင်ကလော့ပ်က သူ့အသင်းဟာ ဖယ်ရာရီ ကားမျိုး မဝယ်နိုင်ပါဘူးလို့ ပယ်ချခဲ့ပေမယ့် တန်းဆင်းဇုန် အကြောက်တရားကို တွန်းလှန်ရမယ့် လိဒ်စ်ကို ဖျက်ဆီးပြခဲ့ပါတယ်။

ဘယ်လင်ဟမ် မခေါ်နိုင်ပေမယ့် သူတို့အသင်းက မြန်နှုန်းနဲ့ ချိုမြိန်မှုတွေ ရှိနေဆဲပါ။ ဂက်ပို၊ ဆာလာ၊ ထရန့်တို့က သူတို့အသင်းကို မောင်းနှင်နိုင်ဆဲပါ ” လို့ ချီးကျူးခဲ့တယ်။

ဒါပေမယ့်လို့ ကာရေဂါ အပါအဝင် လီဗာပူးအသိုင်းအဝိုင်းနဲ့ အသင်း ပရိသတ်တွေက လိဒ်စ်နိုင်ပွဲကို ချီးကျူးဖို့ နှုတ်ဆိတ်ခဲ့ကြပါတယ်။ ကာရေဂါဆိုရင် လီဗာပူးဟာ မျှော်လင့်ချက်ရှိလာတိုင်း ရိုက်ချိုးလေ့ရှိတာမို့ “အယုံအကြည် မရှိဘူး” ဆိုပြီး ချီးကျူးပေးဖို့ ငြင်းဆန်ခဲ့တယ်။

အသင်းရဲ့ ကစားပုံ တိုးတက်လာမှုကို ပရိသတ်တွေဘက်က အသိအမှတ် ပြုကြပေမယ့် လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာပဲ ရှိနေသေးမှုကို ထောက်ပြပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ဂိုးပြတ် နိုင်ပွဲ ခဏခဏ ရပေမယ့် ပြီးရင် ခပ်ညံ့ညံ့ကစားလေ့ရှိပြီး ရှုံးပွဲတွေ့လေ့ရှိတာကို ထောက်ပြကြတယ်။

လိဒ်စ်ပွဲမှာလည်း ဦးဆောင်ဂိုး ၂ ဂိုးရပြီးမှ ကိုနတေးရဲ့ ပေါ့ဆစွာ ကစားမှုဟာ ပြိုင်ဘက်ကို ပွဲထဲ ပြန်ဝင်လာအောင် ဆွဲသွင်းသလို ဖြစ်ရပ်အဖြစ် ယူဆခံခဲ့ရတယ်။ ဂျိုတာရဲ့ ခပ်မြန်မြန် တတိယ သွင်းဂိုးကြောင့် မဟုတ်ရင် လီဗာပူးက ဖိအားတွေအောက် ပြန်ရောက်ခဲ့နိုင်ပါတယ်။

ပရိသတ်တွေက လီဗာပူးအသင်းကို ခါးခါးသီးသီး ဝေဖန်တာမျိုး မဟုတ်ပေမယ့် ဒီရာသီမှာ မြင်ခဲ့ရတဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်၊ တည်ငြိမ်မှု မရှိမှုတွေကြောင့် စောလျင်စွာ ချီးကျူးခြင်းဟာ ပေါ့ဆမှုတွေကိုပဲ ပြန်မြင်စေမယ်လို့ ယူဆနေကြတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။