တစ်နှစ်ကျော် ဂိုးမိုးခေါင်နေမှု ရပ်တန့်နိုင်တဲ့နောက် သွင်းဂိုးနဲ့ ပတ်သက်ပြီး ရော်နယ်ဒို အကြံဉာဏ် ပေးမှုအား ဂျိုတာ ပြောလာ

လိဒ်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုး ရခဲ့တာကြောင့် ဂျိုတာဟာ ကာလရှည် ဂိုးပေါက်ပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့သလို သူ့အပေါ် လွှမ်းမိုးထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အကြံပေးမှုကို ပြောပြလာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ဘဝမှာ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် အတော်လေး ရည်မှန်းချက်ကြီးမားသူပါ။ အသင်းပရိသတ်​တွေ ကိုယ်တိုင်က ပြိုင်ဘက်ဖြစ်ပေမယ့် ရော်နယ်ဒိုကို လေးစားမှု ရှိကြောင်း အန်ဖီးကွင်းမှာ ပြသခဲ့ပြီးပါပြီ။ ဂျိုတာအပေါ် နိုင်ငံအသင်းဖော် ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေ အထိုက်အလျောက် ရှိဟန်တူပါတယ်။

မနှစ်ကရာသီ လီဗာပူးရဲ့ ဒုတိယ သွင်းဂိုး အများဆုံး တိုက်စစ်သမားဖြစ်ခဲ့တဲ့ ဂျိုတာဟာ ဒဏ်ရာတွေနဲ့ ကံဆိုးမှုတွေကြောင့် ဂိုးသွင်းဖို့ ကြိုးစားရာမှာ အတားအဆီးတွေနဲ့ ကြုံခဲ့ရတာပါ။ လိဒ်စ်နဲ့ပွဲ သွင်းဂိုးမတိုင်ခင် သူဟာ ရက်ပေါင်း ၃၇၂ ရက်ထိဂိုးပေါက် ပျောက်နေခဲ့ပါတယ်။

ပွဲပြီး အင်တာဗျူးမှာ ဂျိုတာက “ပထမဆုံး တစက် ကျလာတာနဲ့ အကုန်လုံး သူ့အလိုလို ထွက်ကျလာလိမ့်မယ်တဲ့။ ဒါက ရော်နယ်ဒို ပြောခဲ့ဖူးတဲ့စကားပါ။ အဲ့စကားက ဒီနှစ်တွေအတွင်း ကျွန်တော့်ခေါင်းထဲမှာ စွဲမြဲနေခဲ့တယ်။ ဘောလုံးက ခန့်မှန်းလို့မရဘဲ အားလုံးက သိပ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်လေ ” ဆိုပြီး ပြောပြပါတယ်။

ဆက်ပြီး “ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဂိုးပေးလိုက်ရပေမယ့် တကယ်ကို ကောင်းကောင်း ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အချိန်အများကြီး ရခဲ့တယ်။ ကိုယ့်ကိုယ်ကို နေရာကောင်းတွေ ရယူဖို့ကြိုးစားခဲ့တယ်။ သိပ်ကောင်းတဲ့ဂိုးတွေ သွင်းယူခဲ့ပြီးတော့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။

တချို့ပွဲတွေမှာ ကျွန်တော်တို့ တကယ်ကောင်းခဲ့ပြီး တချို့ပွဲတွေမှာ မလုပ်နိုင်ခဲ့တာမျိုး ရှိပါတယ်။ အထူးသဖြင့် အဝေးကွင်းတွေမှာပေါ့။ ဒါပေမယ့် အဲ့ဒါက အတိတ်က ကိစ္စပါ။ ကျွန်တော်တို့ လုပ်နိုင်တာက ဒီညလိုမျိုး ထပ်မံကစားသွားဖို့ပါပဲ ” လို့ ဂျိုတာက ပြောဆိုခဲ့ပါတယ်။

သွင်းဂိုးတွေကြောင့် စိတ်သက်သာရာ ရသွားခဲ့တဲ့ ဂျိုတာအနေနဲ့ တနင်္ဂနွေနေ့ ဖောရတ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ထပ်ပြီး ပါဝင်ခွင့်ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။