မန်ယူနိုက်တက်ကို ၇ ဂိုးပြတ် သမိုင်းဝင် နိုင်ပွဲရတာထက် သူ ပိုလိုချင်မိတဲ့ ကိစ္စ ယာဂင် ထုတ်ပြော

ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးအပတ်တွေအတွင်း လီဗာပူးဟာ ဘာမှ ဆုံးရှုံးစရာ မရှိတော့တာမို့ အစွမ်းကုန် ကြိုးစားမယ်လို့ ကလော့ပ်က ပြိုင်ဘက်တွေကို သတိပေးခဲ့ပါတယ်။

မနှစ်က ဒီလိုအချိန်မှာ လီဗာပူးဟာ ဖလားလေးလုံး လမ်းကြောင်းပေါ် ရှိနေခဲ့ပေမယ့် ဒီရာသီမှာ အတော်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၂မှတ် ကွာဟနေကာ ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် ကြိုးစား တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့မှာ ဆုံးရှုံးစရာ ဘာမှမရှိဘူး။ အမှတ်ပေးဇယားမှာ ကျွန်တော်တို့ မရောက်ချင်တဲ့ နေရာကို ရောက်နေတာကြောင့် ဒီလို တုံ့ပြန်မှရမှာပဲ။ ကျွန်တော်တို့ အသစ်တွေကို စမ်းကြည့်ဖို့လိုတယ်။ ကျွန်တော်တို့ စမ်းသပ်ခဲ့တဲ့အရာတွေက ကောင်းကောင်း အလုပ်မဖြစ်ခဲ့ဘူး၊ တည်ငြိမ်မှု မရှိခဲ့ပါဘူး ”လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးဟာ မတ်လအစမှာ မန်ချက်စတာ ယူနိုက်တက်ကို ၇ဂိုးပြတ်နဲ့ အနိုင်ရပြီးကတည်းက နိင်ပွဲပျောက်နေတာ ၅ပွဲဆက် ရှိနေခဲ့ပါပြီ။ အဲ့ပွဲအပြီး ဘုန်းမောက်ကို ၁-၀၊ ရီးရဲလ်မက်ဒရစ်ကို ၁-၀၊ မန်စီးတီးကို ၄-၁ တွေနဲ့ အရေးနိမ့်ပြီး ချယ်ဆီးကို ၀-၀၊ အာဆင်နယ်ကို ၂-၂ သရေကျခဲ့ပါတယ်။

“ ရလဒ်တွေက မကောင်းခဲ့ဘူးဆိုပေမယ့် စွမ်းဆောင်ရည်ကလည်း မကောင်းခဲ့ဘူး။ ယူနိုက်တက်ကို ၇-၀ နဲ့ နိုင်ပွဲပြီးတော့ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ သင်ယူနိုင်ခဲ့တယ်လို့ ကျွန်တော်မထင်ဘူး။ အဲ့အပတ်အတွင်း ကျွန်တော်တို့က အမြင့်ပျံ ခြေစွမ်းတွေ ရနေခဲ့တာ မဟုတ်ပါဘူး။

ဂိုးပြတ် နိုင်ပွဲပြီးတော့ ကိုယ့်ကိုယ်ကို နည်းနည်း မျှော်လင့်ချက် ထားမိတာပေါ့။ ‘အိုကေ။ ငါတို့ အဆင်ပြေနေပြီ၊ ဂိုးတွေသွင်းနေပြီ’လို့ တွေးမိတယ်။ အဲ့နောက်မှာ အလုပ်ဖြစ်မနေဘူး ဆိုတာ နားလည်သွားတယ်။ တစ်ပွဲထဲ ၇-၀ နဲ့ အကြီးအကျယ် နိုင်တာထက် ၂-၀ နဲ့ ၅ပွဲဆက် နိုင်တာက အများကြီး ပိုကောင်းပါတယ်။

သိပ်ကို ထူးဆန်းတဲ့ရာသီပဲ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးရာသီ မဟုတ်ဘူး ဆိုတာ အားလုံးသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သမိုင်းမှာ အမြင့်ဆုံးရလဒ် ၂ခု ရတာကတော့ လုံးဝ ထူးဆန်းတယ်။ အသင်းက လုပ်နိုင်စွမ်းရှိသေးတယ်ဆိုတာ ပြနေတာပဲ။ ဒါပေမယ့် ဘာလို့ အပတ်တိုင်း မလုပ်နိုင်တာလဲဆိုတာ မေးရမှာပါ။

ကျွန်တော်တို့ အဖြေရှာရမယ်။ အသင်းရဲ့ တုံ့ပြန်မှုက ဒီထက်ပိုကောင်းသင့်တာပါ။ ဒါပေမယ့် ဒီလိုတွေဖြစ်တာက ကောင်လေးတွေရော ကျွန်တော်ရော တမင်ရည်ရွယ်ပြီး လုပ်နေတာ မဟုတ်ပါဘူး။

ယူနိုက်တက်ကို ရူးလောက်စရာ ဂိုးရလဒ်နဲ့ နိုင်သွားလို့ ကျွန်တော်တို့က အကြီးကျယ်ဆုံး ဖြစ်နေပြီလို့ မတွေးခဲ့ပါဘူး။ ဒီရာသီအတွင်း ကျွန်တော်တို့တွေ တည်ငြိမ်မှု မရှိခဲ့တာက ပြဿနာဖြစ်နေတာပါ ” လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။