လီဗာပူးအသင်းရဲ့ ကွင်းလယ် ပစ်မှတ် ၁၂ ဦးနဲ့ သူတို့အတွက် တောင်းဆိုထားကြတဲ့ ပြောင်းရွှေ့ကြေးများ

လီဗာပူးဟာ ဘယ်လင်ဟမ်ကို လက်လျှော့လိုက်ပေမယ့် ဒီနွေမှာ အကြီးစား ခေါ်ယူမှုတွေ ပြုလုပ်လာဖို့ ရှိနေပြီး ကွင်းလယ်လူ ၁၂ ယောက်နဲ့ ချိတ်ဆက်နေခဲ့ပြီးသားပါ။

လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကွင်းလယ်လူတွေက ဘယ်သူတွေလဲ? သူတို့တွေက ဘယ်လောက်လောက် ကုန်ကျမှာလဲ? ဒါ့အတွက် အခုလို ဖော်ပြလိုက်ပါတယ်။

မေဆန်မောင့် (ချယ်ဆီး) – ပေါင်သန်း ၅၀ မှ သန်း၇၀

ချယ်ဆီးဟာ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားအတွက် ပေါင်သန်း ၇၀ တောင်းဆိုမှာဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ် တစ်နှစ်သာ ကျန်တော့တဲ့ မောင့်ကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားဦးမှာဖြစ်ပြီး မအောင်မြင်မှ အဲဆိုပါ တန်ကြေးနဲ့ ရောင်းထုတ်မှာ ဖြစ်ပါတယ်။

မက်အယ်လစ်စတာ (ဘရိုက်တန်) – ပေါင်သန်း ၇၀

ဘရိုက်တန်ကွင်းလယ်လူဟာ ဒီနွေရာသီမှာ ထွက်ခွာဖို့ အဖြစ်နိုင်ဆုံးဖြစ်ပြီး လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၃ သင်းက ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်နေပါပြီ။ ဘရိုက်တန်ဘက်က ပေါင်သန်း ၇၀ အောက် ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။

မက်သီးယပ် နူနက်စ် (ဝုဗ်) – ပေါင်သန်း ၃၀မှ သန်း ၅၀

ဝုဗ်ဟာ နူနက်စ်ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးကို ဖျက်သိမ်းလိုက်ပေမယ့် သူက လီဗာပူးရဲ့ ပစ်မှတ်ဖြစ်နေဆဲပါ။ ဝုဗ်ဟာ ပေါ်တူဂီ ကွင်းလယ်လူအတွက် ပေါင်သန်း ၅၀ ကျော် လိုချင်နေပေမယ့် သူတို့သာ တန်းဆင်းခဲ့ရရင် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၃၀ ဝန်းကျင်လောက်အထိ ကျဆင်းသွားပါမယ်။

ကော်နာ ဂါလယ်ဂါ (ချယ်ဆီး) – ပေါင် ၄၅သန်း

လီဗာပူးက စိတ်ဝင်စားလာပြီး နောက်ပိုင်း ဂါလယ်ဂါအတွက် တန်ကြေးကို မသိရသေးပေမယ့် ဇန်နဝါရီမှာ အဲဗာတန်က သူ့ကို ခေါ်ယူနိုင်ရေး ပေါင် ၄၅ သန်း ကမ်းလှမ်းခဲ့ဖူးပါတယ်။

ကိုင်ဆီဒို (ဘရိုက်တန်) – ပေါင်သန်း ၉၀+

အာဆင်နယ်ဟာ ဇန်နဝါရီမှာ သူ့ကို ပေါင်သန်း၇၀နဲ့ ကမ်းလှမ်းတာတောင် ငြင်းပယ်ခံခဲ့ရပြီး ဘရိုက်တန်က ပေါင် သန်း ၉၀ ထိ ဈေးကိုင်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လကမှ ဘရိုက်တန်ဟာ ကိုင်ဆီဒိုကို ၄ နှစ် သက်တမ်းတိုးစာချုပ် ပေးအပ်ခဲ့ပြီး သူ့ရဲ့ တန်ကြေးက မြင့်မားနေဆဲပါ။

ဂျွာအို ပါလင်ညာ (ဖူလ်ဟမ်) – ပေါင်သန်း ၆၀

ဖူလ်ဟမ်ဟာ မနှစ်က နွေရာသီမှာ သူ့ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့ပြီးတော့ အခု ကလပ်ဟာ သူ့တန်ကြေးကို သုံးဆလောက် ပြန်တင်ထားတာဖြစ်ပါတယ်။ ကလော့ပ် သဘောကျတာမို့ လီဗာပူးကင်းထောက်တွေ သူ့ရဲ့ ခြေစွမ်းကို လိုက်ကြည့်နေပေမယ့် အသက် ၂၇ နှစ်ရှိနေပြီး ဒါဟာ လီဗာပူးအသင်း ခေါ်ယူလေ့ရှိတဲ့ အသက်အရွယ် မဟုတ်ပါဘူး။

ချူအာမန်နီ (ရီးရဲလ်မက်ဒရစ်) – ပေါင် သန်း ၉၀+

လီဗာပူးဟာ ချူအာမန်နီအပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်အသက်သွင်းနိုင်တယ် ဆက်ပြီး စိတ်ဝင်စားနေဆဲဖြစ်တယ် ဆိုတဲ့ သတင်းတွေ ဆက်တိုက် တက်လာနေတဲ့နောက် ရီးရဲလ်ဘက်က ဒီနွေရာသီမှာ ပြင်သစ်သား ကွင်းလယ်လူကို မရောင်းပါဘူးလို့ သတင်းပြန်လွှင့်လာပါတယ်။

ရိုင်ယန် ဂရာဗင်ဘက်ချ် (ဘိုင်ယန်မြူးနစ်) – ပေါင် ၂၁ သန်း+

ဂရာဗင်ဘက်ချ်ရဲ့ တန်ကြေးက ပေါင် ၂၅ သန်းဝန်ကျင်လို့ သိရပြီး လွန်ခဲ့တဲ့ တစ်နှစ်မတိုင်ခင်က ဘိုင်ယန်ဟာ အေဂျက်ကနေ သူ့ကို ပေါင်၂၁သန်းပေးပြီး ဝယ်ခဲ့ပေမယ့် အရန်ခုံမှာပဲ ခေါက်ထားခဲ့တာပါ။

နီကိုလို ဘာရယ်လာ (အင်တာမီလန်) – ပေါင်သန်း ၅၀

ဘာရယ်လာကို ယူရိုသန်း ၅၀ ကနေ ၇၅ သန်းကြား ပမာဏနဲ့ ရနိုင်လောက်တယ်လို့ အီတလီသတင်းတွေက ဆိုပါတယ်။ ကလော့ပ်က ဘာရယ်လာကို အရမ်းသဘောကျတဲ့အကြောင်း မနှစ်ကထုတ်တဲ့ ပပ်လင်ဒါးရဲ့ စာအုပ်ထဲမှာတောင် ပါခဲ့ပါသေးတယ်။

လူကာ ဆူချစ် (ဆဲဘက်) – ပေါင် ၁၇.၆သန်း

အတော်လေး ဈေးသက်သာတယ်လို့ ပြောရမယ့် ဆူချစ်ဟာ ယူရိုသန်း၂၀ (ပေါင်၁၇.၆သန်း) လောက်နဲ့ လက်ရှိမှာ ရနိုင်ပါတယ်။ ကစားသမားက ဒူးဒဏ်ရာရနေပေမယ့် သူ့လို ၂၀ ဝန်းကျင် ကွင်းလယ်လူက အနာဂတ် အရှည်ကြီး ရှိနေပါတယ်။

တယ်ယွန် ကုတ်မေနာစ် (အတ္တလန္တာ) – ပေါင် ၃၅.၂သန်း

လီဗာပူးဂျာနယ်လစ်တွေကြားထဲ သူက နာမည်သိပ်မကြီးပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ချိတ်ဆက်မှုရှိခဲ့ပြီးသားဖြစ်ပြီး အတ္လန္တာဟာ သူ့ကို ယူရိုသန်း ၄၀ အောက်နဲ့ ရောင်းချမှာတော့ မဟုတ်ပါဘူး။

အဲလက်စ် စကော့ (ဘရစ္စတိုစီးတီး) – ပေါင် ၂၅သန်းနဲ့အထက်

လူငယ်အင်္ဂလန် ပါရမီရှင်လေး အဲလက်စ်စကော့ဟာ ပေါင်၂၅သန်းနဲ့အထက် တန်တယ်လို့ ဘရစ္စတိုစီးတီးနည်းပြ နီဂျယ်ပီယာဆန်က ပြောထားပါတယ်။ လီဗာပူးကတော့ ဒီကောင်လေးကို ကင်းထောက် စောင့်ကြည့်နေပါတယ်။