ကိုးဝဲလ်ကို ဆက်ထိန်းလိုတဲ့ ချယ်ဆီး၊ လုပ်ပိုင်းခွင့် ပိုရလာတဲ့ ကလော့ပ်၊ စတင်တော့မယ့် အယ်လစ္စတာ ညိနှိုင်းမှုနဲ့ လီဗာပူး သတင်းတိုများ

ချယ်ဆီးအသင်းဟာ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ အသက် ၂၀ အရွယ် ခံစစ်မှူး လီဝီ ကိုးဝဲလ်ကို ဆက်ထိန်းထားလိုပါတယ်။ လီဗာပူးအသင်း အလိုရှိနေတဲ့ ခံစစ်မှူးဟာ ပွဲကစားခွင့် နည်းပါးမယ်ဆိုရင် ချယ်ဆီးနဲ့ သက်တမ်းတိုးနိုင်ဖို့ အခွင့်အရေး နည်းပါးပါလိမ့်မယ်။

လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ အယ်လစ္စတာရဲ့ ကိုယ်စားလှယ်​တွေနဲ့ အနာဂတ် ပရော်ဂျက်ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ အယ်လစ္စတာဟာ ဒီနွေမှာ ဘရိုက်တန်ကနေ သေချာပေါက် ထွက်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဝန်းကျင်ရှိမယ်လို့ တွက်ဆထားကြပါတယ်။

လီဗာပူးအသင်းဟာ ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၈၀ ဝန်းကျင်ထိပဲ စျေးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒေါ့မွန်ဘက်က သူ့ကို ပေါင် သန်း ၁၃၀ ထိ စျေးခေါ်ပေမယ့်လို့ အဆိုပါ ပြောင်းရွှေ့ကြေးကို မန်စီးတီးနဲ့ FFP စည်းမျဉ်း ညိစွန်းနိုင်တဲ့ ချယ်ဆီးကလွဲရင် ရီးရဲလ်မက်ဒရစ်လည်း ပေးမှာ မဟုတ်ပါဘူး။

ကွင်းလယ်လူ ဂါလယ်ဂါဟာ လန်ဒန်ကနေ ထွက်ခွာလိုစိတ် မရှိဘဲ ချယ်ဆီးအသင်းမှာ ဆက်နေခွင့်ရဖို့ကိုပဲ ကြိုးစားမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ သီယေဂို ပွဲထွက်ကနေ ပါမှာဖြစ်ပြီး လူးဝစ် ဒီယက်ဇ်ကို အရန်စာရင်းကနေ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီအပတ် အဝေးကွင်းပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၉ မှတ်အကွာကို ရောက်ရှိမှာဖြစ်ပါတယ်။

လီဗာပူးအသင်းတွင်းမှာ ကလော့ပ်ရဲ့ လုပ်ပိုင်းခွင့်က ပိုမို များပြားလာနေပြီး အားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ် ထွက်ခွာမှုနဲ့ မိုက်ဂေါ်ဒန် ရာထူးကနေ ယာယီ နောက်ဆုတ်ခဲ့မှု နောက်ပိုင်း နည်းပြအဖွဲ့ရဲ့ ပါဝင်ရမှုက ပိုများလာတာပါ။

ဂရာဗင်ဘက်ချ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ လီဗာပူးတို့ စကားပြောနေတာ မှန်ကန်ပြီး နယ်သာလန် ကွင်းလယ်လူဟာ အနာဂတ်ကိစ္စ အဆုံးအဖြတ် လုပ်နိုင်ရေး လမယ့်လအတွင်း တူချယ်၊ ဘိုင်ယန်တာဝန်ရှိသူတွေဖြင့် စကားပြောပါမယ်။