ကလော့ပ်ရဲ့ အသင်း ဂိုးပေးရဦးမှာပဲ ဆိုတဲ့ လိဒ်စ် Vs လီဗာပူး ပွဲစဉ်အတွက် ခရစ်ဆက်တန်ရဲ့ ပွဲခန့်မှန်း

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးအသင်းဟာ တန်းဆင်းဇုန် ဖိအားတွေ ရှိနေတဲ့ လိဒ်စ်ယူနိုက်တက် ကွင်းထံ သွားပြီး အဝေးကွင်း ယှဉ်ပြိုင်ရပါမယ်။

လီဗာပူးဟာ အဝေးကွင်းရလဒ် အတော်လေး ဆိုးရွားနေပြီး ဒီရာသီ ထိပ်ဆုံး ၄ သင်း ပြင်ပမှာပဲ ရှိနေခြင်းက အဝေးကွင်းမှာ နိုင်ပွဲ ပျောက်ဆုံးခြင်းကြောင့်နဲ့ သက်ဆိုင်ပါတယ်။ ဒီပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ကတော့ အောက်ပါအတိုင်း ခန့်မှန်းထားပါတယ်။

လိဒ်စ် Vs လီဗာပူး

ဒီပွဲရလဒ်ကို မှန်းဆဖို့က ခက်ခဲပါတယ်။ လိဒ်စ်ယူနိုက်တက်က ဘယ်လို လူစာရင်းကို ပွဲထုတ်လာမလဲ? ဘယ်လောက်ထိ ကစားနိုင်မလဲ? နောက်ပြီး လီဗာပူးကရော ဒီပွဲမှာ ဘယ်လို ခြေစွမ်းမျိုးနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ?

ပြီးခဲ့တဲ့ အပတ် ပဲလေ့စ်ကို ရင်ဆိုင်ပွဲအတွင်း ပထမပိုင်းမှာ လိဒ်စ်က အတော် ကောင်းပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ သူတို့ရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားတယ်။ လီဗာပူးကတော့ ဆန့်ကျင်ဘက်ပါ။ သူတို့ အာဆင်နယ်ကို နောက်ကနေ ပြန်လိုက်ကစားခဲ့တာပါ။ ရှာကာက ပွဲတန်ပို တက်သွားအောင် လုပ်ခဲ့တာကို နားမလည်နိုင်အောင်ပါပဲ။

ဒီရာသီမှာ ကလော့ပ်ရဲ့ အသင်းက အဝေးကွင်း ပွဲစဉ်တွေကို ရုန်းကန်ထားရပါတယ်။ အထူးသဖြင့် တန်းဆင်းဇုန် ဖိအားရှိတဲ့ အသင်းတွေကို ရင်ဆိုင်ချိန်မှာပေါ့။ ပဲလေစ့်ကို ဂိုးပြတ် ရှုံးခဲ့ခြင်းအတွက် လိစ်ဒ်ဘက်က ယုံကြည်ချက်ပိုင်း ကျဆင်းနေလောက်ပေမယ့် သူတို့ရဲ့ မာကျောမှုကို ဒီပွဲမှာ ပြရမှာပါ။

ဒီရာသီမှာ လီဗာပူး ခံစစ်နဲ့ ကွင်းလယ်က အတော်လေးကို ညံ့ပါတယ်။ သူတို့ တိုက်စစ်ကတော့ ကောင်းမွန်နေဆဲပါ။ လိဒ်စ်က သူတို့ကို အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူး ခံစစ်က ဘယ်လိုနေမယ် မသိဘူးလေ။ သူတို့ ဂိုးတော့ ပေးရမှာပါ။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ လိဒ်စ် ၁-၁ လီဗာပူး