ဘယ်လင်ဟမ်လို ဖယ်ယာရီကားမျိုး မဝယ်နိုင်တဲ့ မျက်နှာမွဲလေး လီဗာပူးအကြောင်း နည်းပြကလော့ပ် ထုတ်ပြော

လီဗာပူးအသင်းက ဘယ်လင်ဟမ်ကို မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ ဒီအပတ်ပွဲကြိုမှာ ကလော့ပ်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဘယ်လင်ဟမ်ဟာ လီဗာပူးရဲ့ နံပါတ် ၁ ပစ်မှတ်အဖြစ် ကာလရှည် သတင်းကြီးထားသလို ကလော့ပ်ရဲ့ စိတ်ကြိုက် ကစားသမားလို့လည်း သိထားခဲ့တာပါ။ ဒါပေမယ့်လို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ လောက် ကျသင့်မယ့် ကွင်းလယ်လူကို လီဗာပူး မတတ်နိုင်တာခြင်းကြောင့် ဦးတည်ချက် ပြောင်းခဲ့ပါပြီ။

ကလော့ပ်က ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး ပြောစရာ မရှိဘူးလို့ ဆိုပါတယ်။ ဘယ်လင်ဟမ်အကြောင်း မေးခံရမှုအတွက် သူ့ရဲ့ အဖြေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ ကျနော် အခုပြောနေတာက ဘယ်လင်ဟမ်အကြောင်း မဟုတ်ဘူးနော်။ သီအိုရီပိုင်းအရ မဖြစ်နိုင်တဲ့ ဒီကိစ္စကို ဘာလို့များ လူတွေက ထပ်ဖန်တလဲလဲ ပြောနေကြမှန်း နားမလည်တော့ပါဘူး။ ဥပမာအားဖြင့် တစ်ယောက်ကို သန်း ၁၀၀ လောက်တန်တဲ့ ကစားသမား ၆ ယောက်လောက်ကို ကျနော်တို့ မခေါ်နိုင်ပါဘူး။

ကိုယ်က ဘာလုပ်နိုင်တယ်ဆိုတဲ့ အပေါ် အဖြေရှာပြီး အဲ့အပေါ် အခြေခံပြီး အလုပ်လုပ်ရမှာပါ။ ကျနော်တို့က ကလေးတွေလည်း မဟုတ်ဘူး။ ၅ နှစ်သား ကလေးက ခရစ္စမတ်မှာ ဖယ်ယာရီ တစ်စီး ဝယ်ပေးပါလို့ ပူဆာခဲ့ရင် သိပ်ကောင်းတဲ့ ဆုတောင်းပဲလို့ ပြောလို့မှ မရတာဘဲ။

သိပ်ကို တန်ဖိုးကြီးတဲ့ ကားတစ်စီးဖြစ်သလို ဒီကလေးက မောင်းနိုင်မှာလည်း မဟုတ်ပါဘူး။ အဲ့တာကိုမှ ဖယ်ယာရီ တစ်စီး မရလို့ဆိုပြီး အဲ့သည်ကလေးငယ် သူ့ဘဝ တစ်လျှောက်လုံး မပျော်နိုင်ဘူးဆိုရင်တော့ သိပ်ကို ဝမ်းနည်းစရာ ဇာတ်လမ်း ဖြစ်သွားပါပြီ။

ကျနော်တို့က ကိုယ်လိုချင်တာနဲ့ လိုအပ်တာကို ရဖို့ အစွမ်းကုန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခိုက်အတန်မှာ ကိုယ့်အတွက် မဖြစ်နိုင်တဲ့ ကိစ္စကို လက်ခံဖို့ လိုပါတယ်။ ဘေးထွက်ပြီး အခြားသော ကိစ္စတွေကိုပဲ လုပ်ရမှာပါ ” လို့ ဆိုခဲ့ပါတယ်။

ကလော့ပ်က ဘယ်လင်ဟမ်အကြောင်း ပြောနေတာ မဟုတ်ဘူးလို့ ဆိုပေမယ့် သူ့လေသံကို နားထောင်ကြည့်ရင် ကွင်းလယ်လူကို မခေါ်နိုင်တာမို့ အခြားသူတွေကိုပဲ ရွေးချယ်ရတော့မယ့် သဘောကို ဆိုလိုခဲ့တာ ဖြစ်ပါတယ်။