ဒီကလန်ရိုက်အတွက် ပေါင် သန်း ၁၀၀၊ ဘာကိုလာကို လိုက်နေခြင်း၊ ကိုးဝဲလ်နဲ့ ဂါလယ်ဂါ နှစ်ဦးတွဲ ခေါ်ယူလိုခြင်းနဲ့ လီဗာပူး အပြောင်းအရွှေ့ သတင်းများ

ဒီကနေ့မှာတော့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု အနည်းငယ်ကို သတင်းထောက်တွေ ဖော်ပြလာနေပါတယ်။

ပထမဆုံးအနေနဲ့ သတင်းထောက် Miguel Delaney ဖော်ပြလာတဲ့ သိပ်မကောင်းတဲ့ သတင်းက စရရင် ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဒီကလန်ရိုက်အတွက် ပေါင် သန်း ၁၀၀ အလိုရှိနေပါတယ်။ တန်းဆင်းဇုန် ခြိမ်းခြောက်မှု ရှိနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ လာမယ့်ရာသီ အင်္ဂလန် အဆင့်မြင့်တန်းမှာ ဆက်မရှိနေရင် စျေးနှုန်း အပြောင်းအလဲ ဖြစ်လာမလားတော့ မသိရပါဘူး။

ချယ်ဆီးနဲ့ အာဆင်နယ်တို့ဟာ ရိုက်ကို စိတ်ဝင်စားကြောင်းနဲ့ နည်းပြအာတီတာက သူ့ကို လာမယ့်ရာသီ ပလန်အတွက် ထည့်စဉ်းစားထားတယ်လို့ သိရတယ်။ လီဗာပူးကတော့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ရင် ဝင်ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ပါ ဖော်ပြသွားပါတယ်။

ဒုတိယသတင်းကတော့ သတင်းထောက် ရိုမန်နို ဖော်ပြလာတာပါ။ ဥရောပ ကလပ် များစွာဟာ လိုင်ယွန်အသင်းမှ အလားအလာရှိ တောင်ပံသမား ဘာကိုလာ ကို စိတ်ဝင်စားနေပါတယ်။ ပြင်သစ်သားဟာ အခုမှ အသက် ၂၀ အရွယ်ပဲ ရှိပါသေးတယ်။

ဒီရာသီ စီနီယာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရလာပြီး ကိုယ်တိုင် ၇ ဂိုးသွင်း ဂိုးဖန်တီးမှု ၄ ကြိမ် လုပ်ထားတဲ့ ကစားသမားရဲ့ တိုးတက်မှုကို လီဗာပူးဘက်က လိုက်လံ ကင်းထောက်နေတယ်လို့ နားလည်ထားရကြောင်း ရိုမန်နိုက ဆိုပါတယ်။

နောက်ထပ် သတင်းက လန်ဒန် အခြေစိုက် သတင်းထောက် Nizaar Kinsella က ဖော်ပြခဲ့တာပါ။ လီဗာပူးအသင်းဟာ ကွင်းလယ်အတွက် ဂါလယ်ဂါကို စိတ်ဝင်စားတဲ့အပြင် ဒီရာသီ ချယ်ဆီးကနေ ဘရိုက်တန်ကို အငှားထွက်နေတဲ့ ခံစစ်မှူး လီဝီ ကိုးဝဲလ်ကိုလည်း သဘောကျတယ်လို့ သူက ဖော်ပြသွားပါတယ်။