အပြောင်းအရွှေ့ သတင်းကြီးနေတဲ့ ဘယ်လင်ဟမ်က ဒေါ့မွန်ကို မလေးမစား မလုပ်ဘူးလို့ ထုတ်ပြော

ဒေါ့မွန်အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ်က အပြောင်းအရွှေ့ ကိစ္စအကြောင်း မေးခံရချိန်မှာ သူ့ရဲ့ မိခင်ကလပ်ကို မလေးမစား မလုပ်ပါဘူးလို့ ဖြေဆိုပေးခဲ့ပါတယ်။

ဒီအပတ်မှာ အင်္ဂလန်ကို ပြန်လာပြီး မန်စီးတီးနဲ့ ချန်ပီယံလိဂ် အုပ်စုတွင်းပွဲစဉ် ကစားရမယ့် ဘယ်လင်ဟမ်ဟာ အသက် ၁၉ နှစ်ပဲရှိသေးပေမယ့် လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ ခေါင်းဆောင်းပိုင်းတွေထဲက တစ်ဦးအဖြစ် တောက်ပနေတာပါ။

အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာမယ်လို့ နာမည်ကြီးနေတဲ့ ဘယ်လင်ဟမ်ဟာ ဒေါ့မွန်အသင်းရဲ့ ကျေးဇူးကို တုန့်ပြန်လိုနေတယ်။ နွေတုန်းကပဲ ကလပ်နှစ်သင်းဟာ ဘယ်လင်ဟမ်နဲ့ ကိတ်တာတို့ အလဲအထပ်ပုံစံ အပြောင်းအရွှေ့ လုပ်လိုခဲ့ကြောင်းလည်း သတင်းရှိခဲ့ပါတယ်။

ဘယ်လင်ဟမ်က ” ကလပ်က ကျနော်အပေါ် အများကြီး လုပ်ပေးခဲ့တယ်။ ဒီကို ရောက်လာတဲ့ အစာပိုင်း ကာလကတည်းက ကောင်းမွန်တဲ့ ကြိုဆိုခြင်းတွေ ရရှိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ အသင်းက ကျနော်ကို အခွင့်အရေး ပေးပြီး တိုးတက်စေခဲ့တယ်။

အဲ့တာတွေကို ပြန်ကြည့်ပြီး အနာဂတ်မှာ ဒေါ့မွန်ကို မလေးမစား ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ဒေါ့မွန်ကို မလေးမစား လုပ်ဖို့ စိတ်ကူး မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘယ်လင်ဟမ်ကို အပြောင်းအရွှေ့မှာ ချိတ်ဆက်မှု အရှိဆုံးက လီဗာပူးအသင်း ဖြစ်ပါတယ်။ ဒီနွေမှာတင် သူ့ကို ခေါ်ယူဖို့ ဒေါ့မွန်နဲ့ ညိနှိုင်းခဲ့ပေမယ့် ဂျာမာန်ကလပ်က ဒီနွေတော့ ရောင်းထုတ်ပေးဖို့ မဖြစ်နိုင်ကြောင်း အကြောင်းပြန်သွားခဲ့တယ်။

၂၀၂၃ နွေမှာ လီဗာပူးအသင်းက ဘယ်လင်ဟမ်အတွက် ပေါင် သန်း ၁၀၀ ဝန်းကျင်ထိ အသုံးပြုမယ်လို့ သိထားရပြီး သူ့ကို ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရပါလိမ့်မယ်။

ဒါပေမယ့်လို့ လီဗာပူးဘက်က ဘယ်လင်ဟမ်ကို ၂၀၂၃ နွေဈေးကွက် တစ်ခုတည်း အတွက်ပဲ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးမှာဖြစ်ကာ နောက်ပိုင်းမှ ခေါ်ယူမယ်ဆိုရင် Homegrown ကစားသမားစာရင်းထဲ အင်္ဂလန်သား ပါဝင်တော့မှာ မဟုတ်တာကြောင့် မြင့်မားတဲ့ ပမာဏဖြင့် ချိတ်ဆက်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။