လီဗာပူး နိမ့်ပါးနေတုန်း ထိုးနှက်ခဲ့တဲ့ ကစားသမားဟောင်းတွေကို တုန့်ပြန်စကား ဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူး ခံစစ်မှုး ဗာဂျေး ဗန်ဒိုက်ကတော့ အသင်းရဲ့ ဒီတလော ရုန်းကန်နေရချိန်မှာ ကစားသမားဟောင်းကြီးတွေရဲ့ ဝေဖန် ပြစ်တင်မှုတွေ အပေါ် မကျေနပ်ဟန် ရှိနေပြီး ညက အေဂျက်ကို နိုင်တဲ့ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လာပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ နာပိုလီ ကို အရေးနိမ့်ခဲ့ပေမယ့် ညက အေဂျက်နဲ့ ရင်ဆိုင်တဲ့ ဒုတိယပွဲမှာတော့ ၂-၁ နဲ့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။ ဆာလာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် ပွဲပြီးခါနီးထိ ၁-၁ နဲ့ သရေကျနေခဲ့ရာက မာတစ်ရဲ့ အနိုင်ဂိုးနဲ့ လီဗာပူး ၃မှတ်ပြည့် သိမ်းနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ လီဗာပူး အသင်းဖော်တွေ အနေနဲ့ အပြင်လောကက ဝေဖန် ပြောစကားတွေကို နားထောင် မနေကြဖို့ တိုက်တွန်းလိုက်ပြီး ကစားသမားဟောင်းတွေက သူတို့ကို ဆွဲချနေတယ်လို့ ပြန်လည် တုန့်ပြန်လိုက်ပါတယ်။

” အရေးအကြီးဆုံးက ပြင်ပကမ္ဘာက စကားသံတွေကို နားမထောင်ဖို့ပဲ။ တခါတလေကျ ရယ်တော့ ရယ်ရတယ်။ ကျနော်တို့ ဘယ်လို အခက်အခဲကာလ ကြုံတွေ့နေတယ် ဆိုတာ ကောင်းကောင်းသိတဲ့ ကစားသမားဟောင်းတွေက သိလျက်နဲ့ စကားတွေ အများကြီး ပြောပြီး ကျနော်တို့ကို ဆွဲချနေကြတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အခြေအနေဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာ ကျနော်တို့ ကောင်းကောင်းသိပါတယ်။ အဲဒီတုန်းက တကယ်ကို ဆိုးဝါးခဲ့တယ်။ ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့တယ်။ အခုက လမ်းကြောင်းမှန်ပေါ် ခြေတစ်လှမ်းပဲ ရောက်သေးတာပါ။ ဒါကို သိပ်ကြီး မျောပါနေလို့တော့ မရဘူး။ ပွဲတွေက အများကြီး ကစားရဦးမယ်။

အခုက နိုင်ငံအသင်း အတွက် အာရုံစိုက်ဖို့ ဒါမှမဟုတ် သေသေချာချာ ခေတ္တ အနားယူဖို့ ကာလပဲ။ ပြီးရင်တော့ ပြန် ကျုံးပြီပေါ့ဗျာ။ ” လို့ ဗန်ဒိုက်က BT Sport မှာ ဖြေကြားသွားခဲ့ပါတယ်။

လီဗာပူးနဲ့ အေဂျက်တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု A ပထမနေရာမှာ ရှိနေတဲ့ နာပိုလီက ဒီညမှာ ရိမ်းဂျားစ်နဲ့ ရင်ဆိုင ်ကစားရမှာ ဖြစ်ပါတယ်။