တည်ကန်ဘော၊ လူစာရင်း တိုးတက်လာမှု၊ အေဂျက်ကိုနိုင်လို့ အသင်းပြန်လာပြီ မဆိုလိုကြောင်းနဲ့ ချန်ပီယံလိဂ်နိုင်ပွဲအပြီး စကားစမြည် ပြောစရာများ

ကစားတဲ့ မိနစ် ၉၀ ထက် ပွဲကြိုကို အာရုံစိုက်နေတာ မဖြစ်သင့်တော့ဘူး

ဒီရာသီ စတင်လာခဲ့ကတည်းက အပတ်တိုင်းမှာ အသင်းလူစာရင်းနဲ့ ပတ်သက်လို့ တီးတိုးပြောဆိုတာတွေ၊ စောဒကတက်ကြတာတွေနဲ့အတူ ပွဲနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာတွေက လျော့ပါးနေခဲ့ပါတယ်။ ဒီတစ်ပတ်တော့ အဲ့လိုမဟုတ်ခဲ့တာ စိတ်သက်သာရာ ရခဲ့ပါတယ်။

နာပိုလီပွဲမှာ ဆိုးရွားတဲ့ ကျရှုံးမှုကြောင့် အသင်းရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းကို မေးခွန်းထုတ်မှုတွေ ကြီးကြီးမားမား ပေါ်ထွက်လာခဲ့ပါတယ်။ ကလော့ပ် ကိုယ်တိုင်က တုံ့ပြန်မှုတစ်ခု လိုချင်ခဲ့ပြီး နေပယ်မှာ ဖြစ်ခဲ့တာတွေက ၅ ရာသီအတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ ကြိမ် တက်ခဲ့တဲ့ ဒီလိုအသင်းအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့တယ်ဆိုတာ သေချာပါတယ်။

အဓိကကျောရိုး ပြန်ရောက်လာခြင်း

ပထမဆုံးအနေနဲ့ သီယေဂို ပြန်လာတာက ပျော်စရာကောင်းပြီး သူကို အသင်းက သိပ်လိုအပ်နေခဲ့တာပါ။ ကွင်းလယ်မှာ သူ့ရဲ့ သိသာထင်ရှားတဲ့ ခန္ဓာကိုယ် အချိုးကွေ့နဲ့ ကောင်းမွန်တဲ့ ပေးပို့မှုတွေကို မြင်တွေ့ခဲ့ရတာက အားတက်စရာပါပဲ။သူဟာ ကွင်းလယ်မှာ အသင်းဖော်တွေထက် နည်းစနစ်ပိုင်း တဆင့်ပိုမြင့်သူ ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ ခံစစ်မှူး မာတစ်က ဘောလုံးရှိချိန်ရော မရှိချိန်မှာပါ သိပ်ကောင်းခဲ့ပါတယ်။ သူဟာ လိုအပ်တဲ့အချိန်မှာ မသိမသာ ပြစ်ဒဏ်ကျူးလွန်မှု တစ်ကြိမ် နှစ်ကြိမ် လုပ်ခဲ့ပြီး ကြားဖြတ်ယူတာ၊ ဘောလုံးရှင်းထုတ်တာတွေ လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဟန်ပန်အတိုင်း ခံစစ်ကနေ ဘောလုံးကို သယ်ယူပြီး တိုက်စစ်ဆီ ပေးပို့မှုလည်း လုပ်ခဲ့ပါတယ်။

ရှေ့တန်းမှာ ဂျိုတာကလည်း ဒဏ်ရာကနေ ပြန်လာခဲ့ပါတယ်။ မနှစ်က ရာသီကုန်မှာ သူဟာ နည်းစနစ်ပိုင်းအရ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပေမယ့် မကြာသေးမီက တိုက်စစ်မှာ မြင်နေရတဲ့ ဆိုးရွားတဲ့ မြင်ကွင်းတွေလို မဟုတ်ဘဲ ဂျိုတာရဲ့ ပြေးလွှားမှုနဲ့ စွမ်းအင်က အသင်းအတွက် အားတက်စရာ ဖြစ်စေပါတယ်။

ဒါတွေအားလုံးထက် ပိုအရေးပါတာက အသင်းရဲ့ ရဲရင့်တဲ့ ကစားပုံ ဖြစ်ခဲ့ပါတယ်။ ဖိအားမြင့်မြင်ပေးပြီး ကစားဖို့ စိတ်အားထက်သန်မှု၊ ၆ ကိုက်စည်းထဲထိတောင် ဝင်ကစားပြီး လျင်မြန်တဲ့ ချိတ်ဆက်နိုင်စွမ်း၊ ဧရိယာထဲ တိုက်စစ်ကစားသမားတွေ ပိုရောက်လာတာတွေပါ။

အမှားတွေရှိနေဆဲ အစွန်လူတွေ

အသင်းမှာ လူအင်အားပိုရှိခဲ့ရင် ထရန့်က ဒီပွဲကို ပွဲထွက်ခွင့်ရခဲ့မှာ မဟုတ်ပါဘူး။ ပိုပြီး ကြံ့ခိုင်မှု ပြည့်ဝတဲ့အသင်း ရှိနေခဲ့ရင် ဆီမီကက်စ်လည်း ကစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က လက်ရှိ အသင်းမှာ ရနိုင်တဲ့ နှစ်ဦးတည်းသော စီနီယာ နောက်ခံလူဖြစ်ပါတယ်။

တစ်ဖက်မှာ တိုက်စစ်လိုက်ပါမှုနဲ့အတူ အေဂျက်ကို ဒုက္ခပေးပြီး တခြားတဖက်မှာ ခံစစ်တန်းကို သူတို့ရောက်မလာအောင် တားဆီးဖို့က ဒီကစားသမားနှစ်ဦးလုံးမှာ တာဝန်ရှိခဲ့တာဖြစ်ပါတယ်။

ဆီမီကက်စ်ဟာ တစ်ဦးချင်းဆိုင်ရာ ရင်ဆိုင်ပွဲမှာ ဒူဆန်တာဒစ်ကို အသာစီးရခဲ့ပြီး တောင်ပံတလျှောက် လွှမ်းမိုးထားခဲ့ကာ ကောင်းမွန်တဲ့ ပေးပို့မှု တချို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တာဒစ်ကို ထိန်းသိမ်းဖို့ သူပျက်ကွက်ခဲ့တဲ့ တစ်ကြိမ်ဆိုရင် ဂိုးပေးရလုနီးပါး ဖြစ်ခဲ့ပေမယ့် ဘလိုင်းရဲ့ ခေါင်းတိုက်ချက်က ကျော်လွန်သွားခဲ့ပါတယ်။

ထရန့်ကလည်း ခံစစ်ကို ကူညီဖို့ ငေးငိုင်နေခြင်းနဲ့အတူ သူ့နောက်ကနေ ဘောလုံးတစ်ကြိမ် ကျော်ဖြတ်ခံလိုက်ရပြီး ကူဒက်စ်ရဲ့ ချေပဂိုးကို ဖြစ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေနဲ့ယှဉ်ရင် အေဂျက်ပွဲမှာ ထရန့်က ခံစစ်နေရာလွတ်တွေအတွက် ပိုမို အားဖြည့်ကစားတာကို မြင်ခဲ့ရတယ်။ ဘောလုံးပိုင်ဆိုင်မှုရချိန်မှာ အဆုံးသတ်ပိုင်းဇုန်ထဲ သိပ်ကောင်းတဲ့ ပေးပို့မှုတွေ လုပ်ပေးခဲ့ပါတယ်။

ထိရောက်လာတဲ့ တည်ကန်ဘောတွေ

လီဗာပူးဟာ အရင်အပတ်တွေတုန်းက ဘယ်နေရာကမှ မကောင်းခဲ့ပါဘူး။ ဆိုးရွားတဲ့ခံစစ်၊ လေးကန်တဲ့ ကစားပုံ၊ ခန့်မှန်းရလွယ်တဲ့ တည်ကန်ဘောတွေ ဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ တည်ကန်ဘောကနေ ကာဗာရို သွင်းဂိုးရခဲ့ပေမယ့် တိုက်ရိုက် အဆုံးသတ်ခဲ့ခြင်းမျိုးတော့ မဟုတ်ပါဘူး။

ဒီပွဲမှာတော့ ဗန်ဒိုက်နဲ့ မာတစ်တို့ ထောင့်ကန်ဘော၊ ဖရီးကစ်တွေ ၁၂ ကြိမ်လောက် ရခဲ့ပါတယ်။ အပြန်အလှန် တုန့်ပြန်ခဲ့ပေမယ့် အေဂျက်ဘက်ကတော့ တပွဲလုံး ခေါင်းတိုက်ဘော မရခဲ့ပါဘူး။ တည်ကန်ဘော အနေအထားတွေမှာ လီဗာပူးအသင်းကပဲ လွှမ်းမိုးထားခဲ့ပါတယ်။

ပြဿနာတွေကို ဖြေရှင်းဖို့က အချိန်ကြာပါဦးမယ်

နောက်ကျမိနစ် သွင်းဂိုးကြောင့်ရတဲ့ နိုင်ပွဲက နိမ့်ပါးနေတဲ့ အသင်းရဲ့ စိတ်ဓါတ်ပိုင်းအတွက် အကူအညီဖြစ်စေပေမယ့် ပြီးပြည့်စုံသေးတာ မဟုတ်လို့ ကလော့ပ်နဲ့ နည်းပြအဖွဲ့ဟာ ဖြေရှင်းစရာတွေ ရှိပါသေးတယ်။

ဒီအပတ် တနင်္ဂနွေနေ့ပွဲကို ဖျက်သိမ်းထားတာကြောင့် ရာသီအစောပိုင်းမှာ ဘာတွေမှားခဲ့တယ်၊ နာပိုလီနဲ့ပွဲမှာ ဘာတွေဖြစ်သွားခဲ့တယ် ဆိုတာ ပြန်လည်သုံးသပ်ဖို့ အချိန်ကောင်းကောင်းရပါတယ်။ နယူးကာဆယ်၊ ဘုန်းမောက်တို့ကို နိုင်ခဲ့ပွဲတွေကနေ ပြောနေတာက နိုင်ပွဲတစ်ပွဲထဲနဲ့ အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်မရောက်ပါဘူး။

ခက်ခဲတဲ့ ဥရောပပြိုင်ဘက်ကို အနိုင်ရခြင်းကနေ ရလာတဲ့ အကောင်းမြင်မှုအပေါ် အခြေခံပြီး အသင်းရဲ့ ဘောလုံးရာသီကို ပြန်လည် တည်ဆောက်လို့တော့ ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေကအတိုင်း အကြောက်အလန့်မရှိတဲ့ ပုံစံ၊ ယုံကြည်စိတ်ချရတဲ့ ဟန်ပန်တွေကို ပြန်လည်ရှာဖွေရမှာဖြစ်ပြီး ကာလတို မဟုတ်ဘဲ ရေရှည် တည်ငြိမ်မှုကို လုပ်ပြနိုင်ရမှာပါ။

နိုင်ငံတကာ သီတင်းပတ်က အချိန်ကောင်းလားဆိုရင် အပြတ်အသတ် ကောင်းမွန်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထက်ပိုဆိုးသွားဖို့ရာ မရှိတော့တဲ့ တစ်သင်းလုံးရဲ့ ဆိုးရွားမှုတွေဟာ ၂ ပတ်ကျော်ကြာ နားရက်ကြောင့် ပျောက်ကွယ်သွားပြီး စိတ်ဓါတ်ပိုင်း ပြန်လည် အားမွေးနိုင်မယ်ဆိုရင် အဲ့တာထက် ပိုကောင်းတာမျိုး မရှိနိုင်တော့ပါဘူး။