ဆာလာ၊ မာတစ် ဂိုးသွင်းပြီး သီယေဂိုရဲ့ အဆင့်အတန်းကို မြင်ခဲ့ရတဲ့ အန်ဖီးကွင်းမှ ချန်ပီယံလိဂ် နိုင်ပွဲ

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ အေဂျက်ကို ရင်ဆိုင်ကစားပြီး ၂-၁ ဖြင့် အနိုင်ရကာ ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြကလော့ပ်က ခံစစ်မှာ ကိုစတက်နဲ့ မာတစ်၊ ကွင်းလယ်မှာ သီယေဂိုနဲ့ တိုက်စစ်မှာ ဂျိုတာတို့ကို ထုတ်သုံးကာ လူစာရင်း အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ အကောင်းမြင်စရာ စွမ်းဆောင်ရည်တွေနဲ့အတူ အားနည်းချက်တွေ ရှိနေဆဲဆိုတာကိုပါ မြင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူးအသင်းက တိုက်စစ်နဲ့ ကွင်းလယ် အပြောင်းအလဲတွေနဲ့အတူ ဖိအားပေး ကစားဟန် အပိုင်းမှာ တိုးတက်လာခဲ့ပါတယ်။ ဆာလာ၊ ဂျိုတာတို့ထံက ထိရောက်တဲ့ တွဲလုံးတွေကနေ အခွင့်အရေး ရခဲ့သလို ထောင့်ကန်ဘော အခြေအနေကနေ ဗန်ဒိုက် မကြာခဏ ခေါင်းတိုက်ခွင့်တွေ ရှာဖွေနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကို ဒီယက်စ်၊ ဂျိုတာ တွဲလုံးရဲ့ ဖန်တီးပေးမှုကနေ ဆာလာက ဧရိယာထဲ ဘောလုံးရခဲ့ပြီး အကောင်းဆုံး ပိတ်သွင်းခဲ့တာဖြစ်တယ်။ ထပ်ပြီးလည်း အဆုံးသတ်ခွင့်တွေ မကြာခဏ ရခဲ့ပေမယ့် ကပ်လွဲတွေဖြစ်နေခဲ့သလို အေဂျက်ဂိုးသမား ဒီပွဲမှာ လက်စွမ်း ကောင်းမွန်ခဲ့ပါတယ်။

လီဗာပူးအသင်း ဦးဆောင်ဂိုးယူပြီး ၁၀ မိနစ် အကြာမှာပဲ ထရန့်နဲ့ မာတစ်တို့ရဲ့ ညာခြမ်းက ယိုပေါက်ကို အသုံးချပြီး ကူဒက်စ်က ခြေပဂိုး ပြန်ယူသွားခဲ့ပါတယ်။ နှစ်သင်း အပြန်အလှန် ကစားခဲ့ကြပြီး လီဗာပူးအသင်းကတော့ အေဂျက် ဧရိယာထဲမှာ ပိုပြီး ပိုင်ပိုင်နိုင်နိုင် ကစားခွင့်တွေ ရခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတင် နှစ်သင်းက ကောင်တာတွေ သူတပြန် ကိုယ်တပြန် ထိုးဖောက်ခဲ့ကြပြီး မြိုင်ဆိုင်ခဲ့တယ်။ နှစ်သင်းလုံး အခွင့်အရေးတွေ ရခဲ့ပေမယ့် လီဗာပူးရဲ့ ထိုးဖောက်မှုတွေက ပိုမို အန္တရာယ်ကြီးခဲ့တာဖြစ်ပါတယ်။ ဒီကနေပွဲမှာ လီဗာပူးအသင်း ကစားဟန် ကောင်းခဲ့တာက သီယေဂိုကြောင့် အများကြီး သက်ဆိုင်ပါတယ်။

မိနစ် ၆၀ ဝန်းကျင်ကစလို့ အေဂျက်ဘက်က ပွဲထိန်းလိုလာခဲ့ပြီး လီဗာပူးဘက်ကလည်း ကစားအား အနည်းငယ် ကျဆင်းလာခဲ့တယ်။ ဒီယက်စ်က တစ်ဦးချင်းကောင်းသလောက် အသင်းလိုက်မှာ အတော်လေး လိုအပ်ချက်များပြီး ဘောလုံးက တောင်ပံတွေမှာ အိုင်နေခဲ့တယ်။

၆၆ မိနစ်မှာတော့ ဟာဗေး၊ ဂျိုတာနေရာတွေမှာ ဖာမင်နို၊ နူးညက်စ်တို့ ဝင်ကစားခဲ့ပါတယ်။ ဂျိုတာက ဒဏ်ရာက သက်သာလာစမို့ ပွဲချိန်ပြည့် ကစားနိုင်ခြင်း မရှိသေးဟန် တူပါတယ်။ လူစားလဲလိုက်တည်းက လီဗာပူးကစားဟန်ဟာ ပိုမို ကျဆင်းသွားခဲ့ပြီး အေဂျက်ဘက်က တန်ပြန် ထိုးဖောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့တယ်။

ဘောလုံးကို ခပ်မြန်မြန် မပေးနိုင်တော့ပေမယ့် တိုက်စစ်ကို ဦးတည်လိုတဲ့ ပေးမှုတွေတော့ မြင်နေရပြီး နူးညက်စ်ရဲ့ ပိတ်ချက်တွေကလည်း ကပ်လွဲလိုက် မထိရောက်လိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ လီဗာပူးရဲ့ အဆုံးသတ်မှုတွေက တော်တော်လေး လိုအပ်ချက်များလှပြီး အခွင့်အရေးပေါင်း ၁၀၀ လောက်မှာ ဂိုးနည်းနည်းရခဲ့တာကို ကျေနပ်ရသလို ဖြစ်နေပါတယ်။

မိနစ် ၆၀ လောက်ကစလို့ ၉၀ ပြည့်ခါနားထိ နှစ်သင်းလုံး ဘာကန်လို့ ကန်နေမှန်း မသိတဲ့ အခြေအနေကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဂိုးရမယ့်ရတော့ ကိုစတက်ရဲ့ ထောင့်ကန်ဘောကို မာတစ် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အကောင်းမြင်စရာတွေ များသလို သဘောမကျစရာ အခိုက်အတန့်တွေလည်း များခဲ့ပါတယ်။ သီယေဂို၊ ဂျိုတာတို့ရဲ့ သက်ရောက်မှုနဲ့အတူ ချန်ပီယံလိဂ် နိုင်ပွဲရခဲ့တာကြောင့် နောက်လ မတိုင်ခင်ထိတော့ အနည်းငယ် စိတ်ပေါ့ပါးစရာဖြစ်ခဲ့တယ်လို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။