ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီကို ယူရို သန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဗယ်ဗာဒီကို ယူရို သန်း ၁၀၀ ဖြင့် ချိတ်ဆက်ခဲ့တယ်လို့ စပိန် သတင်းဌာန AS ဖော်ပြသွားပါတယ်။

အဆိုပါကာလအတွင်းမှာ သီယေဂို၊ ဟန်ဒါဆန်၊ ကိတ်တာ၊ ဂျုံး၊ ချိန်ဘာလိန်တို့ ဒဏ်ရာ ပြဿနာတွေ ရှိနေတာနဲ့အတူ လီဗာပူးအသင်းဟာ ကွင်းလယ်လူ များစွာနဲ့ ချိတ်ဆက်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အတိတ်မှာတည်းက ဗယ်ဗာဒီကို စိတ်ဝင်စားခဲ့ဖူးတာဖြစ်ပြီး ဥရုဂွေး ကွင်းလယ်လူကို ခေါ်ယူလိုကြောင်း သတင်းတွေ ထွက်ခဲ့ဖူးတာပါ။ အပြောင်းအရွှေ့ နောက်ဆုံးရက် ၂ ရက်အတွင်းမှာ ဗယ်ဗာဒီအတွက် ယူရို သန်း ၁၀၀ တန် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပယ်ချခံရတယ်လို့ သိရတယ်။

လီဗာပူးဘက်က ကမ်းလှမ်းတဲ့ ပမာဏဟာ ၂၀၁၈ တုန်းက ဂျူဗင်တပ်ထံ ရောင်းထုတ်ခဲ့တဲ့ ရော်နယ်ဒိုပြီးရင် ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယမြောက် ဈေးအကြီးဆုံး ရောင်းချရမှု ဖြစ်နိုင်ပေမယ့် ကွင်းလယ်လူကို ၎င်းတို့ကလပ်ရဲ့ အနာဂတ်လို့ စပိန်ဘက်က မြင်ထားကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ဗယ်ဗာဒီဟာ စပိန်ကလပ်မှာ ၂၀၂၇ ခုနှစ်ထိ ရှိနေမယ့် စာချုပ်သစ်ကို သက်တမ်းတိုးထားတာ မကြာသေးသလို သူဟာ နည်းပြ အန်ဆယ်လော့တီရဲ့ အသင်းအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂျူဗင်တပ် ကွင်းလယ်လူ ဇာဂရီယာကို ချိတ်ဆက်ပေမယ့် မအောင်မြင်ခဲ့သလို သီယေဂိုရဲ့ ညီဖြစ်သူ ရာဖင်ညာကို ခေါ်ယူရေး ကြိုးစားမှုကလည်း မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံးမှာ ဂျူဗင်တပ်အသင်းမှ ဘရာဇီး ကွင်းလယ်လူ အာသာကို ရာသီကုန် အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။