ဒီအပတ် အဝေးကွင်းမှာ ချယ်ဆီး ဘယ်လိုရလဒ် ထွက်ပေါ်မလဲ ခန့်မှန်းခဲ့တဲ့ ပေါမာဆန်

အရင်အပတ်တုန်းက စပါးကို အိမ်ကွင်းမှာ ၂-၂ သရေကျခဲ့တဲ့ ချယ်ဆီးဟာ ဒီအပတ်မှာတော့ လိဒ်ယူနိုက်တက်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချယ်ဆီးရဲ့ လူစာရင်းက ပိုမိုတောင့်တင်းလာပေမယ့် သွင်းဂိုးက ပြဿနာတစ်ခုအဖြစ် ရှိနေဆဲလို့ဆိုကာ ဒီပွဲမှာ ဘယ်လိုရလဒ် ထွက်လာမလဲအတွက် ဘောလုံးပွဲ ခန့်မှန်းသူတစ်ဦးဖြစ်တဲ့ ပေါမာဆန်က ပွဲကြိုမှာ သုံးသပ်ခဲ့ပါတယ်။

ပေါမာဆန် ခန့်မှန်းချက်က ” လိဒ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့်မှာ ၃ မှတ်ရခဲ့ပေမယ့် အရင်အပတ်ကတော့ ဆောက်သမ်တန်ကို ရင်ဆိုင်ရင်း ၂ ဂိုးအသာကို ဆုံးရှုံးခဲ့တယ်။

ချယ်ဆီးကတော့ စပါးကို ရင်ဆိုင်တုန်းက သိပ်ကောင်းခဲ့ပြီး တစ်မှတ်ပဲ ရခဲ့တာက ကံမကောင်းတာပါပဲ။ ဒါပေမယ့် သောမက်စ် တူချယ်ရဲ့ အသင်းအတွက် သွင်းဂိုး သွင်းယူဖို့က ပြဿနာ ဖြစ်နေဆဲပါ။ ချယ်ဆီးက လွှမ်းမိုးခဲ့ပေမယ့် ဟူဂိုလောရစ်က ကိုင်ဟာဗက်ရဲ့ ထိုးဖောက်မှု တစ်ကြိမ်ကိုပဲ ကာကွယ်ခဲ့ရတယ်။

လိဒ်ယူနိုက်တက်ကို ချယ်ဆီးတို့ အနိုင်ရမယ် ထင်နေဆဲပါ။ ဒါပေမယ့် ချယ်ဆီးရဲ့ သွင်းဂိုးတွေက ဘယ်နေရာကနေ လာမလဲဆိုတဲ့ အချက်ကတော့ ရှိနေမှာပေါ့။

စပါးနဲ့ပွဲမှာ ကူကူရယ်လာ ကောင်းခဲ့တယ်။ သူက ဘောလုံးကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ခံစစ်ကလည်း ပေါက်ထွက်မသွားဘူး။ မနှစ်ကရာသီမှာ ချယ်ဆီးတို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်လို့ ထင်ခဲ့ပေမယ့် ချီးဝဲလ်နဲ့ ရိစ်ဂျိမ်း ဒဏ်ရာရသွားခဲ့တယ်။ သူတို့ ပြိုကျသွားခဲ့ပြီး စီးတီးနဲ့ လီဗာပူးကို ယှဉ်ဖို့ရာ သူတို့ မတတ်နိုင်ခဲ့ပါဘူး။

ကွီတာနဲ့ လော့တပ်ချိစ်တို့က ရိစ်ဂျိမ်းအတွက် နေရာပြိုင်ဆိုင်ရမှာ ဖြစ်သလို ကူကူရယ်လာက ဘယ်ခြမ်းမှာ ချီဝဲလ်နဲ့ နေရာ ပြိုင်ဆိုင်ရပါမယ်။ ချယ်ဆီးက ဒီရာသီမှာတော့ အားဖြည့်စရာတွေ ရှိနေပါပြီ ” လို့ ဆိုတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ Leeds United 0-2 Chelsea လို့ဖြစ်ပါတယ်။