နောက်နောင် ချယ်ဆီးပွဲတွေမှာ ဒိုင်လူကြီး တေလာ ကို မမြင်ချင်ဘူးလို့ တူချယ် ထုတ်ဖော် ပြောဆို

ချယ်ဆီး အသင်းဟာ မနေ့ညက စတန်းဖို့ဘရစ်ချ်မှာ တော့တင်ဟမ် စပါးကို ဧည့်ခံ ကစားခဲ့ရာ ၂-၂ နဲ့ သရေ ကျသွားခဲ့ပါတယ်

နည်းပြ တူချယ်က ထိုပွဲမှ ဒိုင်လူကြီး အန်တိုနီ တေလာရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အတော် မကျေမလည် ဖြစ်ခဲ့ပြီး အထူးသဖြင့် ကိန်းရဲ့ ချေပဂိုး မတိုင်ခင်မှာ ကူကူရယ်လာ ဆံပင်ကို သိသိသာသာကြီး ဆွဲခဲ့တဲ့ ခရစ္စတီယန် ရိုမဲရိုး လုပ်ရပ် ကို ပြစ်ဒဏ်ဘော ပေးဖို့ လျစ်လျူရှုခဲ့တာ အတွက် လုံးဝ လက်မခံနိုင် ဖြစ်နေခဲ့ပါတယ်။

ထိုဖြစ်ရပ်ကို VAR ဒိုင်က စစ်ဆေးပြီး အကြောင်းကြားခဲ့ပေမယ့် အန်တိုနီ တေလာကတော့ လျစ်လျူရှုကာ ပွဲကို ဆက်ကန်စေခဲ့တာ ဖြစ်ပါတယ်။

နည်းပြတူချယ်ကတော့ အနာဂတ် ချယ်ဆီးပွဲတွေမှာ ဒိုင်လူကြီး အဖြစ် တေလာ ကို မမြင်ချင်တော့ကြောင်း အခုလို ဖွင့်ဟသွားခဲ့ပါတယ်။

” သူ နောက်ထပ် ချယ်ဆီးပွဲတွေ မကိုင်ရရင် ကောင်းပါလိမ့်မယ်။ ရိုးရိုးသားသား ပြောရရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဖို့ VAR က ကူညီခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တုန်းက ပွဲထဲမှာ ကစားသမားတွေက ဆံပင် ဆောင့်ဆွဲခွင့် ရသွားတာလဲ၊ ဘယ်တုန်းက ဒီလို အပြုအမူဟာ foul မဟုတ်တော့တာလဲ။

တကယ်လို့ သူသာ ဒီဖြစ်ရပ်ကို မမြင်လိုက်ဘူး ဆို ကျနော် အပြစ်မတင်ပါဘူး။ ကျနော်လည်း မမြင်လိုက်ဘူးလေ။ ဒါပေမယ့် ကျနေ်ာတို့မှာ VAR စစ်ပေးတဲ့ သူတွေ ရှိခဲ့တယ်။ ဒါကိုတွေ့လို့ ပြောခဲ့ကြတာ ရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ တွေ့တဲ့ အတိုင်းပဲ။ ဒါကို ဘယ်လိုများ ဖရီးကစ်လည်း မပေး၊ အနီကတ်လည်း မပြ၊ လုပ်ချလိုက်တယ် မသိဘူး။ ” လို့ ပြောဆို သွားခဲ့ပါတယ်။

ဒိုင်လူကြီး တေလာနဲ့ ပတ်သတ်ပြီး ချယ်ဆီး ပရိသတ်တွေ မကျေနပ်ကြတဲ့ အပေါ် သဘောထား မေးမြန်းခံရတဲ့ အခါ တူချယ် က – ” ပရိသတ်တွေတင် မဟုတ်ပါဘူး။ ခင်ဗျားတို့လည်း ကစားသမားတွေ အနေအထားကို သိမှာပါ။ သူတို့က ပွဲထဲမှာ ရှိနေကြသူတွေ ဖြစ်လို့ ဘာတွေ ဖြစ်နေလဲ ကောင်းကောင်း သိခဲ့ကြသူပါ။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။