အပြောင်းအရွှေ့မှာ စိတ်ဝင်စားခံနေရတဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ ဦးရဲ့ အနာဂတ်ကို တူချယ် ဖြေရှင်း

ဒီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက ကစားသမားသစ်တွေအတွက် ချိတ်ဆက်နေသလို အသင်းရဲ့ ကြယ်ပွင့် အချို့ကို ထိပ်သီး ကလပ်တွေက ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ကွင်းလယ်လူ ဂယ်လကာနဲ့ တိုက်စစ်သမား အိုဒွိုင်းတို့ကို အငှားကော အပြီးသတ်နဲ့ပါ ထွက်သွားနိုင်ကြောင်း အပြောင်းအရွှေ့ ကောလဟလတွေကလည်း တစတစ ထွက်ပေါ်လျက်ရှိပါတယ် ။

တူချယ် ကတော့ ၎င်းတို့ ၂ဦးလုံးဟာ အနာဂတ် အလားအလာကောင်းတွေ ရှိတာကြောင့် အရောင်းစာရင်း တင်ထားတဲ့ ကစားသမားတွေ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ် ။

တူချယ် က ” ကော်နာဟာ ကွင်းလယ်မှာ နေရာ တနေရာ ရဖို့ တိုက်ပွဲဝင်နေပါတယ် ။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော်တို့ဟာ ကစားကွက်မှာ ကွင်းလယ်လူ ၂ဦးပဲ သုံးတာကြောင့် ၊ ကော်နာ အတွက် ဒါဟာ အရမ်း ခက်ခဲတဲ့ တိုက်ပွဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အသင်း အတွက် အကောင်းဆုံး ဖြစ်စေမယ့် အရာကို ကျွန်တော်တို့ လုပ်ရမှာပါ ။ တဦးတယောက် ကောင်းဖို့ အတွက် မဟုတ်ပါဘူး။ လောလောဆယ် ကော်နာ ဒီမှာ အဆင်ပြေနေပါတယ်။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တဦး ဖြစ်ပြီး ၊ ကျွန်တော်ကလည်း သူ့ရဲ့ အမာခံ ပရိသတ် တဦးပါ။

ဒါ့အပြင် သူဟာ အတူ တွဲကစားလာတာ ကြာပြီ ဖြစ်တဲ့ အန်ဂိုလို ၊ ဂျော်ဂျီ ၊ ကိုဗာတို့နဲ့ နေရာ ပြိုင်လုနေရတာပါ ။ ဒါဟာ ချဲလ်ဆီးလို အသင်းကြီး တသင်းမှာ ကစားရတဲ့ ဘဝပါပဲ ။

ကျွန်တော်တို့က သူ့ကို နှစ်သက်သလို ၊ သူကလည်း နေရာရဖို့ တိုက်ပွဲဝင်နေဆဲပါ ။ ဒီတော့ အရာရာတိုင်းက သူ့နေရာနဲ့သူ ရှိနေပါပြီ ။ လာမယ့် နှစ်အနည်းငယ် အတွင်း ချဲလ်ဆီး အတွက် အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်လာဖို့ သူ့မှာ အရည်အချင်း အားလုံး ရှိထားပြီးသား ဖြစ်ပါတယ် ။

အိုဒွိုင်းဟာလည်း ထိုနည်းတူပါပဲ ။ ကာလရှည် ဒဏ်ရာခဲ့ပြီး ၊ ဒါရဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို သူ ကျော်လွှားထားရပါတယ် ။ သူ့မှာ အလားအလာကောင်း တရပ်စီ ရောက်နိုင်တဲ့ လမ်းကြောင်း တခု ပိုင်ဆိုင်ထားဆဲလို့ ကျွန်တော် ယုံကြည်နေဆဲပါ ။ စတာလင်က သူ့ကို ခြေစွမ်း နောက်တဆင့် တက်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ် ။

လောလောဆယ်မှာ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ကစားသမား ဖြစ်နေဆဲပါ ။ သူ့အနေနဲ့ ရှေ့ဆက် တိုက်ပွဲဝင်နေဖို့ လိုပါတယ် ။ ကျန်တာတော့ ဘာပြောစရာမှ မရှိပါဘူး။

ခြုံပြောရရင် ဘယ်ကစားသမားကိုမှ ကျွန်တော်တို့ အရောင်းစာရင်း မတင်ထားပါဘူး ။ ဒါဟာ ကစားသမားရဲ့ အလိုဆန္ဒ အပေါ်မှာပဲ မူတည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။