ချယ်ဆီးရဲ့ အနိုင် ၃ မှတ်ကို အဓိက လုယူခဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာ တူချယ် ပြောပြ

မနက်က ယှဉ်ပြိုင်တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ မှားယွင်းတဲ့ ကိုင်တွယ်ပုံတွေက အသင်းကို ထိခိုက်စေခဲ့တယ်လို့ နည်းပြတူချယ်က ယုံကြည်ပါတယ်။

စပါးတို့ ခြေပဂိုး ပြန်မရခင်မှာ ၎င်းတို့ ကွင်းလယ်လူက ဟာဗက်ကို ရှင်းရှင်းလင်းလင်း ပြစ်ဒဏ် ကျူးလွန်ခဲ့သလို၊ ကူကူရယ်လာကို ဧရိယာထဲမှာ ဆံပင် ဆွဲထားခဲ့ပေမယ့် ဘာပြစ်ဒဏ်မှ မပေးခဲ့ခြင်းကိုလည်း တူချယ်က စိတ်ပျက်နေခဲ့တယ်။ ” ချယ်ဆီးက ကိုယ်နဲ့ ထိုက်တန်တဲ့ ရမှတ်တွေ မရခဲ့ပါဘူး ” လို့ တူချယ်က ဆိုခဲ့တာပါ။

ဒီပွဲမှာ ကွင်းလယ်ဒိုင် အန်တိုနီ တေလာနဲ့ VAR ဒိုင်တို့ဟာ ပွဲရဲ့ တန်ပိုကို ထိန်းသိမ်းဖို့ အတော်လေး ရုန်းကန်ခဲ့ရတာဖြစ်ပြီး ချယ်ဆီးအတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မကြာခဏ ရခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်ပြီးလည်း ” ဟာဗက်ကို ရှင်းရှင်းလင်းလင်းကြီး ပြစ်ဒဏ် ကျူးလွန်ခဲ့တာပါ။ ပွဲက ဆက်ကစားခဲ့ရပါတယ်။ ရစ်ချာလီဆန်က လူကျွံနေခဲ့သလို ဘောလုံးကွင်းထဲမှာ ဆံပင်ကို စောင့်ဆွဲပြီး ကစားလို့ကော ရတယ်တဲ့လား ?

ကျနော်တို့ မိနစ် ၉၀ အပြည့် လွှမ်းမိုးနိုင်ခဲ့တယ်။ ကျနော်တို့ ပုံစံကောင်းနေပြီး ဆာလောင်နေခဲ့သလို ထိပ်တန်း စွမ်းရည်တွေ ပြသခဲ့ပါတယ်။ ထိုက်တန်တဲ့ ရလဒ် မရခဲ့တာကြောင့် အသင်းသားတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ် ” လို့ တူချယ်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဟောဗတ်ရဲ့ သွင်းဂိုးကြောင့် ပထမအကြိမ် ခြေပဂိုး ရခဲ့စဉ် ကွန်တီက ချယ်ဆီးနည်းပြတန်းဘက် လှည့်ပြီး လက်သီးလက်မောင်း တန်းခဲ့ရာကနေ တူချယ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်တယ်။ လန်ဒန်မြို့ခံနှစ်သင်းရဲ့ နည်းပြအဖွဲ့တွေ အကုန်လုံး ပါဝင်လာခဲ့ပြီး ကွင်းလယ်ဒိုင်က နှစ်ဦးလုံးကို အဝါကဒ် ပြသခဲ့ပါတယ်။

ပွဲအပြီး လက်ဆွဲနှုတ်ဆက်ချိန် နောက်တစ်ကြိမ် စကားများခဲ့ကြခြင်းဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ အနီကဒ် ပြသခံခဲ့ရပါတယ်။ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ပြီး ခပ်မြန်မြန် ပြန်ထွက်မယ့် အချိန် ကွန်တီရဲ့ လက်ကို တူချယ်က ဆွဲထားရာက ထပ်ပြီး စကားများခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဖြစ်ရပ်အတွက် တူချယ်ကတော့ ” ငါက အချင်းချင်း မျက်လုံးချင်း ဆိုင်ကြည့်ပြီး လက်ဆွဲနှုတ်ဆက်မယ်လို့ တွေးမိခဲ့တာပါ။ ကွန်တီက အခြား အဓိပ္ပာယ် ကောက်ခဲ့ပုံရပါတယ်။ အဲ့လိုတွေ စကားများဖို့ မလိုပါဘူး။ ဒါပေမယ့် မလိုခဲ့တာတွေ အများကြီးပါပဲ ” ဆိုပြီး တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။