၁ ရက်တည်း လူသစ် နှစ်ဦးခေါ်ထားတဲ့ ချယ်ဆီးက ကူကူရယ်လာနဲ့ ဒီဂျောင်းကို တစ်ပြိုင်တည်း ကမ်းလှမ်းပြီ

ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ ဆယ်ကျော်သက် ကွင်းလယ်လူ ချူကွာမီကာကို ခေါ်ယူရေး သဘောတူညီမှု ရခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။

အင်္ဂါနေ့ညမှာပဲ ကလပ်နှစ်သင်းကြား သဘောတူညီမှုရကြောင်း သိရတာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ကျင့်မှာပါ။ ချူကွာမီကာဟာ ဒီကနေ့မှာ လန်ဒန်ကို လာရောက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ကာ ဆေးစစ်မှုနဲ့ တရားဝင် ပြောင်းရွှေ့ခြင်းတွေကို အပြီးသတ်မှာ ဖြစ်ပါတယ်။

ဗီလာအသင်း အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ကွင်းလယ်လူဟာ ဒီနွေမှာပဲ အင်္ဂလန်အသင်းနဲ့အတူ ယူ-၁၉ အဆင့် ယူရိုဖလားကို အောင်မြင်ခဲ့သူပါ။ သူ့ကို ခေါ်ယူဖို့ အင်္ဂလန်ပြင်ပ ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ အေစီမီလန်တို့ကလည်း ချိန်ရွယ်နေပေမယ့် ချယ်ဆီးက လက်ဦးခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူ ချူကွာမီကာကို ခေါ်ယူပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် ဂိုးသမားလေး ဂါဘရီရယ် စလိုနီနာကို ပေါင် ၁၂ သန်းနဲ့ အပြီးသတ် လက်မှတ်ထိုးကြောင်း မိတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့်လို့ ချယ်ဆီးအသင်းဟာ ကြိုးစားမှုတွေက မရပ်တန့်ခဲ့ဘဲ ဘရိုက်တန်အသင်း ဘယ်အစွန်လူ ကူကူရယ်လာအတွက် ပေါင် သန်း ၅၀ ကျော်တဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့သလို ဒီဂျောင်းကို ခေါ်ယူရေး ဘာစီလိုနာနဲ့ တိုက်ရိုက် စကားပြောမှု စတင်ခဲ့ပါပြီ။

ကူကူရယ်လာကို ဘရိုက်တန်ဘက်က အစားထိုးစရာ မရှိဘဲ မရောင်းထုတ်လိုသလို ပြောင်းရွှေ့ကြေး မြင့်မားစွာ တေင်းဆိုထားတာပါ။ ချယ်ဆီးဘက်က လီဗီကိုးဝဲလ်ကို အပြောင်းအရွှေ့ထဲမှာ ထည့်သွင်းပြီး စပိန် ဘယ်အစွန်လူကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ချယ်ဆီးကတော့ ပြည်တွင်းပြိုင်ဘက် အစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နွေအဓိက ပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်းကို ခေါ်ယူရေးမှာလည်း အသားစီရနိုင်ဖို့ မျှော်လင့်လာပါတယ်။

ချယ်ဆီးနဲ့ ဘာစီလိုနာတို့ဟာ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူအတွက် တိုက်ရိုက် စကားပြောမှုတွေ လုပ်နေကြပါပြီ။ ဒီဂျောင်းကို ခေါ်ယူရေး ယူနိုက်တက်က ပေါင် ၈၅ သန်းနဲ့ သဘောတူညီထားတာဖြစ်ပေမယ့် နယ်သာလန်သားက အသင်းပြောင်းဖို့ မဆုံးဖြတ်သေးတာဖြစ်ပါတယ်။