ချူဝူမီကာနဲ့ ဆလိုနီနာ ခေါ်ယူခြင်း၊ ကူကူရယ်လာ၊ ဒီဂျောင်၊ ဖိုဖာနာတို့နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာ အသင်းမှ အင်္ဂလန် U21 လက်ရွေးစင် ကွင်းလယ် ကစားသမား ကာနေး ချူဝူမီကာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားပါတယ်။ ချယ်ဆီးက ချူဝူမီကာ အတွက် ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၁၅ သန်း သုံးခဲ့ရပြီး နောက်ထပ် ထပ်ဆောင်းကြေးတွေ ပေးရမယ် ဆိုရင် ပေါင် သန်း ၂ဝ ထိ ရောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားမှ ဆယ်ကျော်သက် ဂိုးသမားလေး ဂါဘရီရယ် ဆလိုနီနာ ကိုလည်း ချယ်ဆီး ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက် ကြေညာခဲ့ပါတယ်။ ဆလိုနီနာ ကို ပေါင် ၁၂ သန်း ဝန်းကျင်နဲ့ ချယ်ဆီးက ခေါ်ယူခဲ့တာပါ။

ဆလိုနီနာက စတန်းဖို့ဘရစ်ချ်မှာ ၂၀၂၈ ထိ ရှိစေမယ့် ၆ နှစ် သက်တမ်း စာချုပ်ကို လက်မှတ်ရေးထိုး သွားပါတယ်။ အသက် ၁၈ နှစ် အရွယ် ဂိုးသမားလေးကလည်း မေဂျာလိဂ်မှာ ဆက်ရှိနေဦးမှာ ဖြစ်ပြီး ဇန်နဝါရီလမှ ချယ်ဆီး အသင်းထံ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို တရားဝင် ကမ်းလှမ်းမှုပေးဖို့ ပြင်ဆင်နေပြီ လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ သတင်းကြီး ထွက်ထားတဲ့ ဒီဂျောင်းဟာ အပြောင်းအရွှေ့အတွက် မီးစိမ်းပြခြင်း မရှိသေးဘဲ ကက်တလန် ကလပ်မှာ ဆက်ရှိနေပေမယ့် ချယ်ဆီးဘက်က သူ့ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားလာတာပါ။

ဒီနွေမှာ ချယ်ဆီး လူငယ် ဘရိုဂျာကို ခေါ်ယူဖို့ ကမ်းလှမ်းတဲ့ ကလပ်တွေ အများကြီး ရှိနေပြီး ဆောက်သမ်တန်ကလည်း ဆက်လက် စိတ်ဝင်စားနေဆဲပါ။ မနှစ်ကရာသီ ဘရိုဂျာကို အငှားခေါ်ယူခဲ့ဖူးတဲ့ ဆောက်သမ်တန်ကတော့ အသက် ၂၀ အရွယ် အင်္ဂလန်တိုက်စစ်သမားကို ဈေးကွက် နောက်ဆုံး အချိန်ထိ လက်လျော့ဦးမှာ မဟုတ်ပါဘူး။

ချယ်ဆီးဘက်က ကစားသမား အလိုက်ပေးမှု ပါဝင်မယ့် ချိတ်ဆက်မှုဖြင့် ဖိုဖန်နာကို ခေါ်ယူနိုင်ရေး ကြိုးစားလိုပေမယ့် လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာက ခံစစ်မှူးကို လက်လွတ် မခံလိုပါဘူး။ မနှစ်ကရာသီမှာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ခံစစ်မှူးဟာ ကမ္ဘာဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းမှာ ရွေးချယ်ခံရဖို့ အခွင့်အရေး ရှိထားသူဖြစ်ပါတယ်။

ချယ်ဆီးအသင်းက အင်တာမီလန်ရဲ့ ညာအစွန်လူ ဒမ်ဖရိုင်းစ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရပါတယ်။ အင်တာဘက်က ညာအစွန်လူအတွက် ပြောင်းရွှေပကြေး ပေါင် သန်း ၄၀ ထိ လိုပါတယ်။

ချယ်ဆီးအသင်းဟာ မန်စီးတီးဘက်က ခေါ်ယူဖို့ လက်နှေးနေတဲ့ အသက် ၂၄ နှစ်အရွယ် ဘရိုက်တန် ဘယ်အစွန်လူ ကူကူရယ်လာ ကို ခေါ်ယူနိုင်ဖို့ အတော်နီးစပ်နေပါပြီ။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီ ဖြစ်ပြီး ဘရိုက်တန် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ကိုသာ ညှိနှိုင်းရတော့မှာပါ။