တီမိုဗာနာ နဲ့ မျှားပြီး လိုက်ပ်ဇစ် ခံစစ်မှုးကို အရ ခေါ်ယူဖို့ အကြံပိုင်စွာ လှုပ်ရှားလာတဲ့ ချယ်ဆီး

ဗဟိုခံစစ်ကို အင်အားဖြည့်ချင်နေတဲ့ ချယ်ဆီးအသင်းဟာ လိုက်ပ်ဇစ်ရဲ့ အဓိကခံစစ်မှူး ဗာဒီအိုအား ချိန်ရွယ်လာပြီး တီမိုဗာနာ ကို လိုချင်နေတဲ့ လိုက်ပ်ဇစ် အား အလိုက်ပေး အလဲအထပ်လုပ်ဖို့ ညှိနှိုင်းနေပါတယ်။

ချယ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အားထားရတဲ့ ခံစစ်မှူး ၂ဦး ဖြစ်တဲ့ ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကို ဆုံးရှုံးထားရတာကြောင့် အသင်းအတွက် အနည်းဆုံး ဗဟိုခံစစ်မှူး ၂ဦးကို ပြန်လည် ခေါ်ယူရန် ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ဆီနီဂေါ ဗဟိုခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားနိုင်ပါတယ်။

ဒါကြောင့် ချယ်ဆီးက နောက်ထပ် ဗဟိုခံစစ်မှူးထပ်မံ ခေါ်ယူရန် ကြိုးစားနေပြီး လိုက်ပ်ဇစ်နဲ့ အတူ တောက်ပနေတဲ့ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ခရိုအေးရှား လက်ရွေးစင် ဗဟိုခံစစ်မှူး ဗာဒီအို ကို မျက်စိကျလာပါတယ်။

ဗာဒီအို ဟာ ဘယ်သန်ခံစစ်မှူး တဦး ဖြစ်ကာ သူ့ရဲ့ တောင့်တင်း ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ၊ ဘောလုံးကျွမ်းကျင်မှုနဲ့ အမြင့်ဘော ပိုင်နိုင်မှုတို့ကြောင့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါ့အပြင် ဗာဒီအိုက လိုက်ပ်ဇစ်နဲ့ ခရိုအေးရှား နှစ်သင်းစလုံးရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်ဆီးနည်းပြ တူချယ်လ်က အသင်းရဲ့ ခံစစ်ကြောင်းကို ရေရှည် ဦးဆောင်နိုင်ဖို့ ဗာဒီအိုကို ခေါ်ယူရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်ဆီးက ဗာဒီအိုကို ခေါ်ယူနိုင်ဖို့ လိုက်ပ်ဇစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဗာဒီအိုကို ခေါ်ခွင့်ပေးရင် တီမိုဗာနာကို တစ်ရာသီ အငှားချပေးမယ်လို့ ကမ်းလှမ်းထားပေမယ့် လိုက်ပ်ဇစ်ကတော့ သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူးကို မရောင်းချချင်သေးကြောင်း သိရပါတယ်။

ဒါပေမယ့် ချယ်ဆီးကတော့ ဗာဒီအိုကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုအား လက်မလျှော့သေးပဲ ဗာဒီအိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ရန် အရင်ဆုံး ကြိုးစားနေပါတယ်။ အကယ်၍ ဗာဒီအိုကိုသာ မရခဲ့ရင် လက်စတာ ခံစစ်မှူး ဖိုဖာနာကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိကြောင်း သိရပါတယ်။