ချဲလ်ဆီးပစ်မှတ် ဖိုဖာနာ အတွက် ပေါင် ၈၅ သန်းလို့ အတည်ကြီး ဈေးခေါ်လိုက်တဲ့ လက်စတာ အသင်း

လက်စတာအသင်းဟာ ချဲလ်ဆီး ပစ်မှတ်ထားလာတဲ့ သူတို့ ခံစစ်မှူး ဝက်စလေ ဖိုဖာနာအတွက် တန်ကြေးကို ပေါင် ၈၅ သန်း အထိ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ခံစစ်မှူး၁ဦး ရှာဖွေနေပြီး လက်စတာခံစစ်မှူးကို ပစ်မှတ်အဖြစ် သတ်မှတ်လာပေမဲ့ ယခုလို တန်ကြေး မြင့်မားစွာ သတ်မှတ်ထားတဲ့ အနေအထားကြောင့် အခက်အခဲတွေ ကြုံရနိုင်ပါတယ်။

ယမန်နှစ်ရာသီက ဒဏ်ရာကြောင့် အချိန်အကြာကြီးနားခဲ့ရပြီးနောက် ဖိုဖာနာဟာ မတ်လက လက်စတာနဲ့ ၅နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး လက်စတာကလည်း အရည်အသွေးမြင့် လူငယ်ခံစစ်မှူးကို တန်ကြေးမြင့်မားစွာ မရဘဲ လက်လွှတ်လိုခြင်း မရှိပါဘူး။

ဖိုဖာနာဟာ ၂၀၂၀ ခုနှစ်က စိန့်အက်တီယန်ကနေ လက်စတာကို ပေါင် ၃၆.၅သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်စတာနဲ့ ပူးပေါင်းပြီးပြီးချင်းမှာပဲ ဖိုဖာနာဟာ နည်းပြ ရော်ဂျာစ်ရဲ့ စိတ်ကြိုက် ကစားသမား ၁ဦး ဖြစ်လာခဲ့ပြီး လက်စတာ အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်လွဲခဲ့တဲ့နှစ်မှာ ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။

ဖိုဖာနာကတော့ ချဲလ်ဆီးကသာ ကမ်းလှမ်းလာရင် ထွက်ခွာခွင့် ပြုဖို့ လက်စတာထံ တောင်းဆိုဖွယ် ရှိပါတယ်။ ၎င်းက ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်းမှာ ပါဝင်ခွင့် ရဖို့ ဆိုရင် ချဲလ်ဆီးလို အသင်းကြီးမှာ ကစားတာက ပို အခွင့်သာမယ် လို့ ယုံကြည်နေပါတယ်။

ဖိုဖာနာကို မရခဲ့ရင်တော့ ချဲလ်ဆီးအသင်း အင်တာမီလန်ရဲ့ နောက်ခံလူတွေဖြစ်တဲ့ စကင်နီယာနဲ့ ဒမ်းဖရီးစ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာဖွယ် ရှိနေပါတယ်။

တစ်ဖက်မှာတော့ လက်စတာအသင်းဟာ ယခုနှစ်ရာသီ ကစားသမားသစ် ခေါ်ယူမှု ၁ဦးမှ ပြုလုပ်ရခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ဂိုးသမား ကတ်စ်ပါ ရှမိုက်ကယ်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေသလို နယူးကာဆယ်ကလည်း မက်ဒီဆင် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။