ဘာစီလိုနာကို တုန့်ပြန် လက်စားချေဖို့ အခိုက်အတန့်အတွက် ပြင်ဆင်လာတဲ့ ချယ်ဆီး

ဆီဗီးလာခံစစ်မှူး ကွန်ဒီကို ခေါ်ယူရေးမှာ လာလီဂါကလပ် ဘာစီလိုနာက အသာစီးရသွားခဲ့တဲ့နောက် ဒီနွေမှာ ချယ်ဆီးအသင်းရဲ့ အစီအစဉ်တွေကို ဇာဗီရဲ့ အသင်းက ဝင်ရောက် ဖျက်ဆီးခဲ့တာ တစ်ကြိမ် နှစ်ကြိမ်မက ဖြစ်လာခဲ့ပါပြီ။

စပိန်ကလပ်နှစ်သင်းကြား နှုတ်အားဖြင့် သဘောတူခဲ့ကြရာမှာ ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အပြင် ထပ်တိုးကြေး ယူရို ၁၀ သန်းပေးဖို့ပါ ပါဝင်ခဲ့ပါတယ်။ နည်းပြဇာဗီက ကွန်ဒီနဲ့ ပုဂ္ဂိုလ်ရေး စကားပြောမှု လုပ်ထားခဲ့ပြီး စောင့်ဆိုင်းပေးဖို့ တောင်းဆိုထားခဲ့တယ်လို့လည်း သိရတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာ လက်လွတ်ထားရတဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်နေရာတွေကို အစားထိုးဖို့ ခံစစ်မှူးသစ် ရှာနေခဲ့တာပါ။ ဒီနွေမှာ ချယ်ဆီးရဲ့ ဦးစားပေးက ခံစစ်မှူးသစ် ၃ ဦး ခေါ်ယူရေးအပြင် တိုက်စစ်သမား ခေါ်ယူရေးပဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ မနှစ်ကတည်းက အသက် ၂၃ နှစ်အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့ ကြိုးစားခဲ့ကာ ဒီနွေမှာ သဘောတူညီမှုရဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ ခံစစ်မှူး ဒီလစ်ကို ကြိုးစားရာမှာ ဘိုင်ယန်မြူးနစ်ကို အရေးမသာခဲ့ပါဘူး။ မန်စီးတီးမှ အကီကိုလည်း မအောင်မြင်ခဲ့ကာ ဒီတစ်ကြိမ်ကတော့ ကွန်ဒီပဲဖြစ်ပါတယ်။

ချယ်ဆီးရဲ့ အမေရိကန် ခရီးစဉ် မပြီးဆုံးခင်မှာတင် ကွန်ဒီက ဘာစီလိုနာကို ပြောင်းရွှေ့ရေး သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဒီနွေမှာ ဘာစီလိုနာဟာ ချယ်ဆီးအသင်းကို အတော်လေး စိတ်အနှောင့်အယှက် ပေးနေခဲ့ကာ အပြောင်းအရွှေ့ ကိစ္စတွေမှာ ကြားဝင်ပါခဲ့တာက ကွန်ဒီတစ်ဦးတည်း မဟုတ်ပါဘူး။

ပြင်သစ်သား တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ယူဖို့ ချယ်ဆီးဘက်က အားထုတ်ခဲ့ပေမယ့် ၎င်းက ကက်တလန်ကလပ်မှာပဲ ၂ နှစ် သက်တမ်း တိုးသွားခဲ့ပါတယ်။ လိဒ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ညာအတွက် ကြိုးစားခဲ့ပေမယ့် ဘရာဇီးသားကလည်း ဘာစီလိုနာကိုပဲ ရွေးချယ်သွားခဲ့တာပါ။

ဘာစီလိုနာဟာ ချယ်ဆီး အစွန်လူတွေဖြစ်တဲ့ အလွန်ဆို၊ ကွီတာတို့ကိုပါ ဆက်ပြီး ကြိုးစားနေတာဖြစ်ပါတယ်။ နည်းပြတူချယ်ကတော့ ဘာစီလိုနာကို လက်တုန့်ပြန်သောအားဖြင့် ဒီကြိုးစားမှုတွေကို ခွင့်မပြုဘဲ ကွီတာကို အသင်းမှာ ဆက်ပြီး ဆွဲထားဖို့ အသင်းကို အကြောင်းကြားထားပါတယ်။

နည်းပြတူချယ်ရဲ့ အဓိက ပစ်မှတ်တွေကို ခေါ်ယူရေး ချယ်ဆီးရဲ့ ကြိုးစားမှုတွေဟာ ဘာစီလိုနာကို အရေးမသာခဲ့ပေမယ့် နာပိုလီမှ ခံစစ်မှူး ကူလီဘာလီနဲ့ မန်စီးတီးမှ တိုက်စစ်မှူး စတာလင်တို့ကတော့ ကလပ်နဲ့ ပူးပေါင်းထားပြီ ဖြစ်ပါတယ်။

လက်တလောမှာ ချယ်ဆီးအသင်းဟာ လက်စတာခံစစ်မှူး ဖိုဖန်နာအတွက် စုံစမ်းမှုတွေ ပြုလုပ်ထားကာ ပီအက်စ်ဂျီ တိုက်စစ်သမား ကင်ပန်ဘီကိုလည်း ချိတ်ဆက်လိုနေတယ်လို့ သိထားရသေးတာ ဖြစ်ပါတယ်။