မိုနာကိုမှ ယူရို သန်း ၅ဝတန် ခြေစွမ်းထက် လူငယ် ခံစစ်သမားကို ပစ်မှတ်ထား လာပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းရဲ့ ဒီနွေ ခံစစ် ပစ်မှတ်တွေထဲမှာ နေသန်အကီ၊ မာတက်ဂျ်ဒီလစ်၊ ပရီစ်နယ် ကင်ပမ်ပီတို့ ပါဝင် ထားပြီး ဂျူးလပ်စ် ကွန်ဒီကတော့ အဓိက ပစ်မှတ်တစ်ခု ဖြစ်ပါတယ်။

ဒီရာသီမှာ ခံစစ်ကစားသမား အများစုကိုသာ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး ချိန်ရွယ်နေတဲ့ထဲမှာ မိုနာကိုအသင်းရဲ့ အဓိက နောက်ခံလူ ၂၁ နှစ်အရွယ် ကစားသမား ဘီနွိုက်ဘာဒီယာရှီးလည်း ပါဝင်လာခဲ့ပါတယ်။

ပြင်သစ် ယူ ၂၁ လက်ရွေးစင်ကို စိတ်ဝင်စားတဲ့ အသင်းတွေ ဥရောပမှာ အများအပြား ရှိနေပြီး အခုဆိုရင် ချဲလ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

ဘာဒီယာရှီးဟာ မန်ချက်စတာယူနိုက်တက်နဲ့လည်း သတင်းထွက်ခဲ့ဖူးပြီး ဆီဗီလာ ကလည်း အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတဲ့ ကွန်ဒီရဲ့နေရာမှာလည်း အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။ စာချုပ် သက်တမ်း ၂ နှစ် ကျန်သေးတာကြောင့် မိုနာကိုအနေနဲ့ ကြိုက်ဈေးသတ်မှတ်နိုင်ပါတယ်။

ပြင်သစ်နာမည်ကျော် သတင်းစာ L’Equipe ရဲ့အဆိုအရတော့ ယူရို သန်း ၅၀ လောက် ဈေးခေါ်နိုင်တယ်လို့ သိရပါတယ်။ အသက်အရွယ်က ငယ်ရွယ်သေးတယ်ဆိုပေမယ့် ဘာဒီယာရှီးဟာ ပရိုအဆင့်အတွေ့အကြုံများစွာ ရရှိထားပြီး စီနီယာအသင်းမှာလည်း ပွဲ ၁၀၀ ကျော်ကစားထားပြီးဖြစ်ပါတယ်။

ဘာဒီယာရှီး က အသက် ၁၇ နှစ် အရွယ်မှာကတည်းက မိုနာကိုအသင်းမှာ ပွဲဦးထွက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်အရွယ် အဓိကကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်။

၎င်းက အရပ်အမောင်းမြင့်မားပြီး၊ ကြံ့ခိုင်မှုကောင်းသလို၊ နိုင်လိုစိတ်လည်း ပြင်းထန်သူဖြစ်ပါတယ်။ ဘောလုံးစကေးနဲ့ လူငယ် ကစားသမားပီပီ သက်လုံကောင်းမှုတွေကြောင့်လည်း အားနည်းချက် အလွန်နည်းတဲ့ ကစားသမား တစ်ယောက် လည်း ဖြစ်ပါတယ်။