ကွန်ဒီကို ရဖို့ မဖြစ်နိုင်တော့တာကြောင့် လက်စတာ ခံစစ်မှူးကို ချိတ်ဆက်မယ့် ချယ်ဆီး

ရာသီသစ်အတွင် ဗဟိုခံစစ်မှူးသစ်တွေ ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ ဆီးဗီးလာမှ ကွန်ဒီကို ခေါ်ယူရေး မအောင်မြင်တာကြောင့် အခြားသော ပစ်မှတ်တွေကို စတင် ရှာဖွေနေရပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဒီနွေမှာတော့ ခံစစ်ကစားသမားတွေကို လက်လွတ်ရခြင်းနဲ့အတူ လူစာရင်းကို ပြန်လည် တည်ဆောက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့ကို လက်လွတ်ထားရတဲ့ ချယ်ဆီးအသင်းဟာ မန်စီးတီးမှ အကီ၊ ဆီးဗီးလာမှ ကွန်ဒီတို့ကို ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လက်တလောမှာ လက်စတာခံစစ်မှူး ဖိုဖန်နာကို ခေါ်ယူဖို့ ချယ်ဆီးဘက်က ချဉ်းကပ်ဖွယ်ရှိနေတယ်လို့ သတင်းတွေ ကျယ်လောင်လာပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သား ခံစစ်မှူးဟာ မတ်လတုန်းကပဲ လက်စတာအသင်းနဲ့ ၂ နှစ် သက်တမ်းထပ်တိုးကာ ၂၀၂၇ ခုနှစ်ထိ စာချုပ် ရှိထားသူဖြစ်ပါတယ်။

ချယ်ဆီးဘက်က ခံစစ်မှူးကို ခေါ်ယူနိုင်မလား စတင် စုံစမ်းနေတာဖြစ်ပေမယ့် တရားဝင် ချိတ်ဆက်မှုတွေ ပြုလုပ်မလား မသိနိုင်သေးပါဘူး။ ပီအက်စ်ဂျီမှ ကင်ပန်ဘီကလည်း နည်းပြတူချယ် ချိတ်ဆက်လိုတဲ့ ခံစစ်မှူးဖြစ်ပါတယ်။

ရာသီသစ် စတော့မှာမို့ လက်စတာကနေ ဖိုဖန်နာကို ခေါ်ယူရေး ထင်သလောက်တော့ မလွယ်ကူနိုင်ပါဘူး။ လက်စတာက လက်ရှိ ဈေးကွက်မှာ ဖိုဖန်နာကို ရောင်းထုတ်ဖို့ ဆန္ဒမရှိသလို နည်းပြ ဘရန်ဒန် ရော်ဂျာကလည်း သူ့ရဲ့ အဓိက ကစားသမားကို လက်မလွတ်လိုသေးပါဘူး။

လက်စတာဘက်ကတော့ ဖိုဖန်နာအတွက် ပေါင် သန်း ၇၀ အောက် ကမ်းလှမ်းမှုတွေဆိုရင် နားထောင်ပေးမှာ မဟုတ်တဲ့အကြောင်းတွေ သတင်းလွှင့်ထားပါတယ်။ ဒါ့အပြင် ၎င်းတို့ကတော့ ခံစစ်မှူးအတွက် တရားဝင် ကမ်းလှမ်းမှုတွေလည်း မရသေးဘူးလို့ သိရပါတယ်။