ဆင်ခြေပေးပြီး ခေါင်းမရှောင်ဘဲ အားနည်းချက်ကို ဒဲ့တိုးပြောတဲ့ တူချယ်ကို လီဗာပူး ကစားသမားဟောင်း ထောက်ခံ

ကာရေဂါက အာဆင်နယ်ကို ၄-၀ နဲ့ ရှုံးခဲ့တဲ့ ရာသီကြိုပွဲအတွင်း ချယ်ဆီးနည်းပြ သောမတ်စ်တူချယ်ရဲ့ ဒေါသထွက်နေတဲ့ တုံ့ပြန်မှုကို ထောက်ခံခဲ့ပါတယ်။

ချယ်ဆီးဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ သူတို့ရဲ့ လန်ဒန်ပြိုင်ဘက်တွေကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ရာသီသစ်က စတော့မှာဖြစ်သလို ပွဲအပြီးမှာ တူချယ်ဟာ ကစားသမားတချို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မေးခွန်းထုတ်ခဲ့ပါတယ်။

မနှစ်ကရာသီ ကိုယ်အသင်း အနောက်မှာ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အဆင့်တောင် မဟုတ်တဲ့ အသင်းကို ဂိုးပြတ် ရှုံးခြင်းက လက်မခံနိုင်စရာအဖြစ် တူချယ်က အသင်းသားတွေကို အပြစ်တင်ခဲ့တယ်။ တူချယ်ရဲ့ ဆင်ခြေမပေးတဲ့ စိတ်ဓါတ်ကို လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက ချီးကျူးခဲ့ခြင်းဖြစ်ပါတယ်။

တူချယ်ကို သူကြောင့် အထင်ကြီးမိလဲ ကာရေဂါက ရှင်းပြရာမှာ “ အဆင်မပြေဖြစ်တဲ့အခါ ဒါက ခြေစမ်းပွဲပါကွာ ဆိုပြီး လွှဲချဖို့က လွယ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒါကိုသိတယ်။

ကျွန်တော်လည်း ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒီရလဒ်တွေက ဘာမှအရေးမပါဘူးလို့ ကျွန်တော်တို့ ပြောလို့ရတာပဲလေ။ ဘာလို့လဲဆိုတော့ ရာသီအစ ပထမဆုံးပွဲကျမှ တရားဝင်ဖြစ်မှာပါ။ အခုချိန်က ရာသီကြိုဖြစ်နေတာမို့ ရလဒ်က အရေးမပါသလိုပေါ့။

ဒါပေမယ့် ကစားသမားတစ်ယောက်၊ နည်းပြတစ်ယောက် အနေနဲ့ အနိုင်ရခြင်း၊ ကောင်းကောင်းကစားနိုင်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းထက် ပိုကောင်းတဲ့အရာ မရှိပါဘူး။ အာဆင်နယ်နဲ့ပွဲအပြီး သောမတ်စ်တူချယ်ရဲ့ တုံ့ပြန်မှုကို မြင်ကြမှာပါ။ အဲ့ဒီ့အပြုအမူကို ကျွန်တော် လုံးဝ လေးစားမိပါတယ်။

မင်းက ချယ်ဆီး၊ အာဆင်နယ်တို့လို အသင်းအတွက် ကစားပေးနေတဲ့အခါ ခြေစမ်းပွဲဆိုပေမယ့် ဒါက အရေးကြီးတဲ့ပွဲပါပဲ။ ရာသီကြိုဆိုတာ သိပေမယ့် ၄-၀ နဲ့ ရှုံးတာတော့ မဖြစ်သင့်ဘူး။ ဒါကို သူဘယ်လောက်တောင် အရေးထားလဲ ဆိုတာကို မြင်ရတော့ ကျွန်တော် တကယ် လေးစားခဲ့ပါတယ်။

သူတို့တွေ အရမ်းကြီး အထိန်းအကွပ် မဲ့သွားလို့ မရဘူး။ ဒါပေမယ့် ရာသီမစခင် နှစ်ပတ်အလိုမှာ အာဆင်နယ်ကို အနိုင်ယူပြီး မြောက်တက်သွားလို့လည်း မရဘူးပေါ့လေ ” လို့ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ရာသီသစ်အတွက် တူချယ် ဘယ်လို နည်းစနစ် ကစားမယ်ဆိုတာကို ကစားသမားသစ် ခေါ်ယူမှုတွေကတစ်ဆင့် ပြင်ဆင်နေဆဲဖြစ်ကာ သုံးယောက်တန်း ခံစစ်ကိုပဲ အသုံးပြုမယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။