ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့ LA သို့ လိုက်သွားပြီ ဖြစ်တဲ့ တိုက်စစ်မှုးသစ် ရာဟင်း စတာလင်

ချဲလ်ဆီး ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက် ကြေညာမှုတွေ မပြုလုပ်ရသေးခင်မှာပဲ မန်စီးတီး တိုက်စစ်မှုး ရာဟင်း စတာလင် ကတော့ ရာသီကြိုခြေစမ်း ခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့ဆီကို ရောက်ရှိနေတဲ့ ချဲလ်ဆီး အသင်းဆီကို လိုက်ပါပူးပေါင်းနိုင်ဖို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ပေါင် သန်း ၅၀နဲ့ မန်စီးတီး အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့တဲ့ စတာလင်က ဆေးစစ်မှုတွေ အပြီးမှာပဲ ချဲလ်ဆီး အသင်းနဲ့ ပူးပေါင်းဖို့ရန် အခုလို လိုက်ပါသွားတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး ကစားသမားသစ် စတာလင်က လာမဲ့ ကြာသပတေးနေ့မှာ ကန်မယ့် အာဆင်နယ် အသင်းနဲ့ ပွဲစဉ် ဒါမှမဟုတ်ရင် စနေနေ့မှာကန်မယ့် ဖလော်ရီဒါ ဖလား ဗိုလ်လုပွဲစဉ်၌ ချဲလ်ဆီးအသင်းအတွက် ပထမဆုံးပွဲဦးထွက်ကို ဝင်ရောက် ကစားပေးခွင့် ရတော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်တဲ့ နေရာမှာ စတာလင်က အဓိကနေရာက ပါဝင်နေတဲ့ အကြောင်း သောမက်တူချယ်က ရှင်းပြ ပြောဆိုလိုက်အပြီးမှာ ကစားသမားက စတန်းဖို့ဒ်ဘရစ်ချ် ကိုပြောင်းဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ကစားသမားသစ် စတာလင်က ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့်၃နေရာနဲ့ ရာသီ သိမ်းနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းမှာ တစ်ပတ် ပေါင် ၃၀၀၀၀၀နဲ့ ၅နှစ်စာချူပ် ချူပ်ဆိုမှာ ဖြစ်ပြီး ၁နှစ် သက်တမ်း တိုးခွင့်နဲ့ပါ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ရာသီသစ်မှာ အကောင်းဆုံး ပုံစံ ရရှိချင်တာကြောင့် ချဲလ်ဆီး အသင်းက ကစားသမား အင်အားကို ထပ်ဖြည့် လိုနေတာ ဖြစ်ပြီး နာပိုလီ အသင်း ခေါင်ဆောင် ကူလီဘာလီကို ခေါ်ယူနိုင်ဖို့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။