ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့်အသင်း အဖြစ် ချယ်ဆီးကို ထည့်မတွက်တဲ့ ရွိုင်ကိန်း

လီဗာပူး ကစားသမားဟောင်း ဆောင်းနက်နဲ့ ယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းတို့ဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်းတွေ စိန်ခေါ်မလဲ၊ အနိုင်ရမလဲအပေါ် အငြင်းပွားခဲ့ကြပါတယ်။

ဆောင်းနက်ကတော့ ဒီရာသီမှာ အင်္ဂလန်ထိပ်သီး နှစ်သင်းကပဲ အဓိက ရေပန်းစားမှာဖြစ်ပေမယ့် တတိယအသင်း ပေါ်လာမယ်လို့ မြင်နေပါတယ်။ ချယ်ဆီးဟာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ရေပန်းစား ၃ သင်းထဲက ၁ သင်းလို့ လီဗာပူးကစားသမားဟောင်းက ပြောပါတယ်။

ဆောင်းနက်က ” ကျနော်တော့ နှစ်သင်းတည်းဖြစ်လာမယ် မထင်ဘူး။ လီဗာပူးကော မန်စီးတီးပါ ပရီးမီးယားလိဂ်ကို အနိုင်ရရေး ရေပန်းစား အသင်းကောင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အဓိက ပြိုင်ဘက်အဖြစ် ချယ်ဆီးကိုပါ ထည့်စဉ်းစားဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာပါ။

ရွိုင်ကိန်းက ” အခြားသော ပြိုင်ဘက်တွေက အမှတ်ပေးဖလား စိန်ခေါ်မှု ကွာဟချက်ကို နီးကပ်လာအောင် လုပ်နိုင်ကြမယ် မထင်ပါဘူး။ သူတို့က ကစားသမားတွေ ခေါ်ယူကြပြီး အရည်အချင်းတွေ ပိုကောင်းလာမှာပါ။

ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားအတွက်ဆို လီဗာပူးနဲ့ မန်စီးတီးကလွဲရင် အခြားအသင်းကို ကျော်ကြည့်လို့ မရပါဘူး။ ယူနိုက်တက်ဆိုရင် နည်းပြက အသုံးစရိတ်တွေ ရမှာပါ။ ဒါပေမယ့် ဝါရင့် ကစားသမား ၅ ဦးလောက် ထွက်သွားတာလေ။ ဒါပေမယ့် ဒါက ကောင်းတယ်လို့ ထင်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က လီဗာပူးနဲ့ မန်စီးတီးကို ယှဉ်ပြိုင်နိုင်မယ် အချိန်မကျသေးဘူးလို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူး အသင်း အနိုင်ရမယ်လို့ ဆောင်းနက်က ယုံကြည်နေပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား အောင်မြင်ရေး မနှစ်တုန်းက အတော်လေး နီးစပ်ခဲ့သေးတာ ဖြစ်ပါတယ်။

စပါးနဲ့ အာဆင်နယ်က ခေါ်ယူမှုကြီးတွေ လုပ်ထားကာ ချယ်ဆီးကလည်း စတာလင်အပြင် ကူလီဘာလီ၊ အကီ၊ ကင်ပမ်ဘီတို့ကို ဆက်လက် ခေါ်ယူသွားဖို့ ရှိနေကာ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ရွိုင်ကိန်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အဆိုပါ အသင်းတွေ စိန်ခေါ်သွားနိုင်မှာ မဟုတ်ဘူးလို့ ယူဆနေပါတယ်။

” လီဗာပူး အနိုင်ရမယ် ထင်ပါတယ်။ မနှစ်ကရာသီ သူတို သိပ်နီးစပ်ခဲ့တယ် ” ဆိုတဲ့ ဆောင်းနက်ရဲ့ အမြင်ကို ရွိုင်ကိန်းကတော့ ငြင်းဆန်ခဲ့ပြီး သူကတော့ မန်စီးတီးပဲ ၃ ရာသီဆက် ချန်ပီယံဖြစ်မယ်လို့ မြင်ပါတယ်။

” မန်စီးတီးက ထူးချွန်တဲ့ ကစားသမားကောင်းတွေနဲ့ တိုးတက်လာနေတယ်။ သူတို့မှာ သိပ်ကောင်းတဲ့ တိုက်စစ်သမားရှိနေသလို အကောင်းဆုံးနည်းပြ တစ်ဦးဖြစ်တဲ့ ပက်လည်း ရှိနေပါတယ် ” လို့ ရွိုင်ကိန်းက ဆိုသွားခဲ့တာဖြစ်ပါတယ်။