
ချဲလ်ဆီး ဟာ မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား အသင်းမှာ ကစားနေတဲ့ ၁၈ နှစ် အရွယ် ဂိုးသမားလေး ဂါဘရီရယ် စလိုနီနာ ကို ပေါင် ၇ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကာ မေဂျာလိဂ် မှာပဲ ဆက်လက် အငှားချထားဦးမယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ ညာတောင်ပံ အတွက် ပစ်မှတ် အသစ် အချို့ ရှာဖွေနေရာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂျာမန် လက်ရွေးစင် တောင်ပံ ကစားသမား ဆာ့ဂ်ျ ဂနာဘရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း တယ်လီဂရပ်ဖ် မတ်လောက အတည်ပြုခဲ့ပါတယ်။
ပီအက်စ်ဂျီ ကြယ်ပွင့် နေမာကိုလည်း ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေက တီးခေါက်ထားပြီး နည်းပြ တူချယ်ကတော့ ဘရာဇီးသားကို ခေါ်ဖို့ စိတ်မဝင်စားကြောင်း ဘုတ်အဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ဘင်ချီဝဲလ်က သူတို့အသင်းဟာ တူချယ်လောက် ကောင်းတဲ့နည်းပြမျိုး မရနိုင်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ “ကစားသမားတွေအနေနဲ့ နည်းပြအပေါ် အပြည့်အ၀ ယုံကြည်မှု ရှိပါတယ်။ ချဲလ်ဆီးမှာ တူချယ်လောက် ကောင်းတဲ့နည်းပြမျိုး မရနိုင်တော့ဘူးဆိုတာ ကျွန်တော်တို့ သိထားပါတယ်”လို့ ဘင်ချီဝဲလ်က ဆိုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူမလားဆိုပြီး ပရိသတ်တစ်ယောက်ရဲ့ အမေးခံခဲ့ရပါတယ်။ ပရိသတ်တစ်ဦးက “ငါတို့ စီရော်နယ်ဒိုကို ခေါ်မလား”လို့ မေးခဲ့ရာမှာ တူချယ်က ”ကျွန်တော် ခင်ဗျားကို ပြောမှာ မဟုတ်ဘူး”လို့သာ တုံ့ပြန်ခဲ့ပါတယ်။
ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတဲ့ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကတော့ သူပျော်မွေ့ရာ အင်တာမီလန်ကို ပြန် ရောက်ရောက်ချင်းမှာ ခြေစွမ်းပြသပြီး ဂိုးသွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အီတလီပဉ္စမတန်းကလပ် FC Milanese နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်တာက ၁၀-၀ နဲ့ အနိုင်ရခဲ့ပြီး လူကာကူက လှလှပပ တစ်ဂိုး သွင်းခဲ့ပါတယ်။