နေမာ ကို ခေါ်မလား အမေးကို ချဲလ်ဆီးဘုတ်အဖွဲ့ထံ အဖြေပြန်ပေးထားတဲ့ နည်းပြ တူချယ်

ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ်ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ခေါ်ယူရန် စိတ်အားထက်သန်ခြင်း မရှိဘူးဆိုပြီး ချဲလ်ဆီးဘုတ်အဖွဲ့ထံ တုန့်ပြန်ထားခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယမန်နှစ်ရာသီ ပရိသတ်တွေရဲ့ Boo လုပ်ခြင်းခံခဲ့ရကာ အခက်အခဲတွေ ကြုံခဲ့ရတဲ့ နေမာကို ယခုနှစ်နွေရာသီမှာ အသင်းကနေ ရောင်းချလိုနေပါတယ်။ ဒါပေမဲ့ နေမာရဲ့ တစ်နှစ်လုပ်ခလစာ ယူရို၄၃သန်းကြောင့် ကစားသမားကို ရောင်းချဖို့က အခက်အခဲတွေ ကြုံနေရပါတယ်။

ချဲလ်ဆီးအသင်းဟာ နေမာကို ခေါ်ယူနိုင်တဲ့ အသင်းအနည်းငယ်ထဲက တစ်သင်းဖြစ်ပြီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေ ကလည်း ဘရာဇီးသားကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ Evening Standard သတင်းဌာန ရဲ့အဆိုအရ ချဲလ်ဆီး နည်းပြ တူချယ်ဟာ နေမာကို သူ့ အသင်းမှာ ထည့်သွင်းဖို့ စိတ်ပါဝင်စားခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဂျာမန်သားဟာ တိုက်စစ်ပိုင်းက အစုလိုက် လှည့်ပတ်လှုပ်ရှားမှုကို လိုချင်တာကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုကိုလည်း ခေါ်ယူလိုခြင်း မရှိခဲ့ကြောင်း အဆိုပါသတင်းထဲ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအသင်း အပြောင်းအရွှေ့ မပိတ်ခင် တိုက်စစ်အားမဖြည့်နိုင်ခဲ့ရင်တော့ ပီအက်စ်ဂျီမှာ လက်တွဲခဲ့ဖူးတဲ့ နေမာကို ခေါ်ယူရန် တူချယ်စဉ်းစားနိုင်ကြောင်းလည်း ဆိုပါတယ်။

ချဲလ်ဆီး အသင်းဟာ မန်စီးတီးတောင်ပံကစားသမား စတာလင်ကို ပေါင်၄၇.၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ စတာလင်ဟာ ချဲလ်ဆီးနဲ့ ပထမပိုင်းဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး မကြာခင် အမေရိကန်မှာ အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းနိုင်ဖွယ် ရှိနေပါတယ်။