စီ ရော်နယ်ဒို ကိစ္စ မေးလာတဲ့ အပေါ် ခပ်ပြတ်ပြတ် တုန့်ပြန်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ တူချယ်

ချဲလ်ဆီးအသင်း နည်းပြ သောမတ်စ် တူချယ်ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ ချဲလ်ဆီး ပရိသတ်တယောက်ရဲ့ မေးခွန်းကို ယတိပြတ်ပဲ တုံ့ပြန်ပြောဆို သွားခဲ့ပါတယ်။

မန်ယူကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ အသင်းပြောင်းဖြစ်ခဲ့ရင် အနီးစပ်ဆုံးအဖြစ် ချဲလ်ဆီးသာ ရှိနေတာပါ။ ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလေက ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် နည်းပြ တူချယ်ကတော့ သူ့ရဲ့ ကစားကွက်မှာ ရော်နယ်ဒို အံဝင်ပါ့မလား သံသယ ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့အပေါ်မှာ ချဲလ်ဆီးပရိသတ်တွေကလည်း စိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီး ပရိသတ် အများစုကတော့ ရော်နယ်ဒိုက တူချယ်ရဲ့နည်းစနစ်မှာ အံဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုနေကြပါတယ်။

အခုတခါမှာလည်း ချဲလ်ဆီးပရိသတ်တယောက်က “ငါတို့ ရော်နယ်ဒိုကို ခေါ်မှာလား” လို့ နည်းပြ တူချယ်နဲ့ အတွေ့မှာ တိုက်ရိုက်ကို မေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် တူချယ်ကတော့ “ကျနော် ခင်ဗျားကို ပြောပြမှာ မဟုတ်ဘူး” လို့ တခါတည်း ယတိပြတ် တုံ့ပြန်ခဲ့ပါတယ်။

ချဲလ်ဆီးကလည်း လူကာကူကို လက်လွှတ်ခဲ့ရပြီးနောက် ဗဟိုတိုက်စစ်မှူး အလိုရှိနေပါတယ်။ ဒီနေရာအတွက် တော့ဒ်ဘိုလေက ရော်နယ်ဒိုမတိုင်ခင်က နေမာ၊ လီဝန်ဒေါစကီးတို့ကိုပါ ပစ်မှတ်ထားနေတာပါ။

ဒါပေမယ့်လည်း နေမာက ပီအက်စ်ဂျီက ထွက်ခွာဖို့ မရှိတော့သလို လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ တူဟယ်လ်ကတော့ ရော်နယ်ဒိုကို ခေါ်ဖို့ လက်တွန့်နေဆဲပါ။

ရော်နယ်ဒိုက သူ့ကို အဓိက တည် ကစားတဲ့အသင်းနဲ့သာ အဆင်ပြေမှာဖြစ်ပြီး နည်းပြ တူချယ်ရဲ့ တိုက်စစ်ပိုင်းအတွက် အဆင်ပြေနိုင်ဖို့ ခဲယဉ်းဖွယ် ရှိပါတယ်။