ချယ်ဆီးနဲ့ ရာဖင်ဟာ အပြောင်းအရွှေ့ မဖြစ်မြောက်ဖို့ သေချာသလောက် ရှိလာနေပြီ

လိဒ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ဟာကို ခေါ်ယူရေး လာလီဂါကလပ် ဘာစီလိုနာအသင်းက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ရာဖင်ဟာကို ဘာစီလိုနာ၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့ အပြိုင် ကြိုးစားခဲ့ကြတာပါ။ ဘာစီလိုနာရဲ့ နှောင့်နှေးမှုကြောင့် အာဆင်နယ်ဘက်က ကမ်းလှမ်းမှု ဝင်ခဲ့သလို နောက်ပိုင်း ချယ်ဆီးဘက်ကပါ ဝင်ရောက် ချိတ်ဆက်ခဲ့တာလို့ သိထားရတာဖြစ်တယ်။

လာလီဂါကို ဦးစားပေးပြောင်းလိုတဲ့ ရာဖင်ဟာကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ဝန်းကျင်နဲ့ ဘာစီလိုနာထံ ရောင်းထုတ်ဖို့ လိဒ်ဘက်က သဘောတူထားကာ ငွေကြေး ပေးချေမယ့် ပုံစံ အဆင်မပြေရင် ချယ်ဆီးနဲ့ သဘောတူညီမှု ရဖို့ထိ နီးစပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်း ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ချယ်ဆီးဘက်က ကမ်းလှမ်းမှု ဝင်ပါခဲ့တာဖြစ်ပေမယ့် ဘရာဇီး တိုက်စစ်သမား ကိုယ်တိုင်က လာလီဂါကလပ်ကို ဦးစားပေးအဖြစ် ပိုမို ပြောင်းလိုခဲ့ပါတယ်။

စပိန်ကလပ်ဟာ ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ ငွေကြေး ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရပြီး ယခုအချိန်မှာတော့ အသင်းရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ခရဲ့ ၂၅ရာခိုင်နှုန်းကို ရောင်းချမှုနဲ့အတူ လိုအပ်နေတဲ့ ငွေကြေးတွေကို ရှာဖွေနိုင်ခဲ့တာကြောင့် ဘရာဇီး တိုက်စစ်သမားကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာက ရာဖင်ဟာကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားပြီး ရာဖင်ဟာက ဘာစီလိုနာနဲ့ လိဒ်ယူနိုက်တက်တို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ ဘာစီလိုနာမြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။

ရာဖင်ဟာကို လက်လွတ်ရတာကြောင့် ချယ်ဆီးဟာ အခြားသော တိုက်စစ်သမား တစ်ဦးဘက်ကို ပြောင်းလဲ ချိန်ရွယ်ဖွယ်ရှိကာ ယူနိုက်တက် တိုက်စစ်သမား ရော်နယ်ဒိုက ခေါ်ယူဖွယ်ရှိတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်လာနေခဲ့ပါတယ်။