ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ ပျက်ခဲ့ရင် ချယ်ဆီးထံ ရောက်လာနိုင်တဲ့ လီဝမ်ဒေါစကီး

တိုက်စစ်သမား လီဝမ်ဒေါစကီးက ဒီနွေ အပြောင်းအရွှေ့မှာ ဘာစီလိုနာဆီသာ မပြောင်းရွှေ့နိုင်ခဲ့ရင်တောင် ဘိုင်ယန်မြူးနစ်ကနေ သေချာပေါက် ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးပါပြီ။

SPORTBILD ရဲ့ သတင်းထောက်ဖြစ်သူ Christian Falk က ဖော်ပြရာမှာ လီဝမ်ဒေါစကီးက စပိန်လာလီဂါထံ မပြောင်းနိုင်ရင် ပရီးမီးယားလိဂ် ကလပ် ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် လီဝမ်ဒေါစကီးကတော့ ဂျာမာန်မြေကနေ ထွက်ခွာဖို့ပဲ ဆုံးဖြတ်ထားပါတယ်။

လီဝမ်ဒေါစကီးက ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို စပိန်ဘက်ကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။ ဒါပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဘိုင်ယန်မြူးနစ်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို တလုံးတခဲထဲ ပေးချေဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့်ပဲ လီဝမ်ဒေါစကီး တယောက် ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာဆီ ပြောင်းရွှေ့နိုင်ဖို့ ခက်ခဲနေခြင်း ဖြစ်ပါတယ်။

လီဝမ်ဒေါစကီးကတော့ ဘာစီလိုနာဆီ မပြောင်းနိုင်ခဲ့ရင်တောင် ဘိုင်ယန်မြူးနစ်မှာ ဆက်မနေဖို့ ဆုံးဖြတ်ထားတာကြောင့် စပိန်ထံ ပြောင်းရွှေ့ရေး ပျက်ပြယ်သွားရင် ချယ်ဆီးထံ ပြောင်းဖို့ စဉ်းစားထားတယ်လို့ သိရတာ ဖြစ်ပါတယ်။

လက်တလောမှာ ချယ်ဆီးအပြင် ပီအက်စ်ဂျီကလည်း လီဝမ်ဒေါစကီးရဲ့ အခြေအနေကို စောင့်ကြည့်နေကြပြီး ကမ်းလှမ်းမှုဝင်ကြဖွယ်ရှိတယ်လို့ Christian Falk က ဆိုခဲ့တာပဲ ဖြစ်ပါတယ်။