ချယ်ဆီးရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်က ပွဲတွေကို လွဲချော်ကြမယ့် ကွင်းလယ် ကစားသမား ၂ဦး

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီနဲ့ လော့ဖ်တက်ချိတို့ဟာ ကိုဗစ်ကာကွယ်ဆေးထိုးမှု အခြေအနေကြောင့် အမေရိကန်သို့ က်ခွာမည့် အသင်း၏ ရာသီကြိုခရီးစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း ချဲလ်ဆီးအသင်း ဘက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မနေ့က ချဲလ်ဆီးရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ ရာသီသစ်အတွက်ပြင်ဆင်နေသော တူချယ်၏အသင်းအတွက် အမေရိကန်နိုင်ငံမှာ ကစားမယ့် ခြေစမ်းပွဲသုံးပွဲကို ထိုကွင်းလယ်လူနှစ်ဦး လွဲချော်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့် စည်းမျဉ်းများ အရ အမေရိကန်နိုင်ငံသားတစ်ဦးဦးမှအပ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူ မည်သူမဆို ပြည်ဝင်ခွင့်ပြု မပြုဘူးလို့ ဆိုထားပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီနှင့် လော့ဖ်တက်ချိတို့ တို့ဧာ ကိုဗစ်ကာကွယ်ဆေးကို လုံးဝ မထိုးနှံရသေးခြင်း(သို့မဟုတ်) ကာကွယ်ဆေး ပထမအကြိမ်သာ ထိုးနှံပြီးခြင်း လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဂျူဗင်တပ်စ်နှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ကိုဗစ်စစ်ဆေးရာတွင် ပြင်သစ်လက်ရွေးစင်ကွင်းလယ်သမား ကန်တီမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါသေးတယ်။

ထိုကာလက ချဲလ်ဆီးနည်းပြတူချယ်က ကန်တီရဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့ အခြေအနေအပေါ် ပြောဆိုမှုမရှိဘဲ ကစားသမားအပေါ် စိတ်ပျက်မှု အလျဉ်းမရှိဟုသာ ဆိုခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူလော့ဖ်တက်ချိမှာလည်း ပြီးခဲ့တဲ့ရာသီ အစောပိုင်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ယင်းကာလသတ်မှတ်စည်းကမ်းချက်များအရ ၁၀ ရက်တာ တစ်ဦးတည်း သီးသန့်ခွဲခြားနေထိုင်ခဲ့ရသလို ဒီဇင်ဘာပွဲကြပ် ကာလတွင်လည်း လော့ဖ်တက်ချိမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့လို့ ချဲလ်ဆီး ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ အမေရိကန်နိုင်ငံရာသီကြိုခရီးစဉ် ကတော့ ဇူလိုင် ၁၆ ရက်တွင် လက်စ်ဗီးဂတ်စ်၌ မက္ကဆီကိုအခြေစိုက် ကလပ်အမေရိကအသင်းနဲ့၊ ဇူလိုင် ၂၀ ရက်တွင် မြောက်ကယ်ရိုလိုင်းနား၌ မေဂျာလိဂ်ကလပ် Charlotte FC နဲ့၊ ဇူလိုင် ၂၃ ရက်တွင် အော်လန်ဒို၌ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ လည်းကောင်း ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။