ရာဖင်ဟာရဲ့ အဆုံးအဖြတ်၊ ဇီယက်ချ်၊ ဒမ်ဘီလီ၊ အကီတို့နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာက လိဒ်စ် တောင်ပံ ကစားသမား ရာဖင်ဟာ အတွက် နှုတ်နဲ့ ကမ်းလှမ်းမှု တစ်ကြိမ် ထပ်လုပ်ခဲ့တယ် လို့ သိရပါတယ်။ ရာဖင်ဟာ အတွက် ချယ်ဆီးရဲ့ ပေါင် ၅၅ သန်း ကမ်းလှမ်းမှုကို လိဒ်စ်က လက်ခံထားပေမယ့် ကစားသမား က လက်မခံသေးတာကြောင့် အပြောင်းအရွှေ့က ကြံ့ကြာနေပါတယ်။

ရာဖင်ဟာက ဘာစီလိုနာ ကို လာမယ့် ၄၈ နာရီ အတွင်း ကလပ်နှစ်သင်းကြား သဘောတူညီမှု ရအောင် ဆွေးနွေးဖို့ သတိပေးလိုက်ပါတယ်။ အဲဒီအချိန် ပြီးသွားရင်တော့ ရာဖင်ဟာက ချယ်ဆီးနဲ့ ဆွေးနွေး ညှိနှိုင်းတော့မှာပါ။

ဗဟိုခံစစ်မှုး နေသန် အကီ ကို ပြန်လည် ခေါ်ယူဖို့ ချယ်ဆီးက ကစားသမားနဲ့ ညှိနှိုင်း ပြောဆိုကာ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး မန်စီးတီးကတော့ ချယ်ဆီးရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေပါတယ်။ စီးတီးက အကီ အတွက် ပေါင် သန်း ၄ဝ-၄၅ သန်း ဝန်းကျင် အလိုရှိနေပါတယ်။

ဂျူဗင်တပ် ခံစစ်မှုး ဒီလစ် အတွက် ဘိုင်ယန်မြူးနစ်က ယူရို ၇၅ သန်း၊ ထပ်ဆောင်း ဆုကြေး ယူရို ၁၅ သန်း တို့နဲ့ ကမ်းလှမ်းထားပြီး ကစားသမားကလည်း ဘိုင်ယန်သို့ သွားဖို့ စိတ်ဝင်စားနေတာကြောင့် ချယ်ဆီး နောက်ကောက်ကျဖွယ် ရှိနေပါတယ်။

ချယ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေဟာ အပြောင်းအရွှေ့ ကိစ္စ တွေမှာ ဖိုင်နယ်ဆုံးဖြတ်ချက် ချဖို့ အခွင့် ရှိနေတဲ့ နည်းပြ တူချယ်နဲ့ စီ ရော်နယ်ဒို ခေါ်ယူရေး ကိစ္စ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီး ကွင်းလယ်ဟောင်း ဒန်နီ ဒရင့်ဝါးတားက ချယ်ဆီးမှာ မအောင်မြင်ခဲ့တာတွေ အတွက် ခါးသီးမှုတွေ မရှိကြောင်း ဆိုခဲ့ပေမယ့် သူ့အမျက်ဒေါသကို ထိန်းခဲ့ရတဲ့ မြိုချထားခဲ့ရတဲ့ ကာလတွေ ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ပြင်သစ် တောင်ပံတိုက်စစ်သမား ဒမ်ဘီလီကတော့ လက်ရှိကလပ် ဘာစီလိုနာ နဲ့ စာချုပ်ကုန်ပြီးမှ စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီ လို့ သိရပါတယ်။ ဒမ်ဘီလီက လက်ရှိ လစာရဲ့ ၄၀% ထိ လျှော့ယူပြီး ဘာစီလိုနာနဲ့ ၂၀၂၄ ထိ စာချုပ်သစ် ချုပ်ဆိုမယ် ခေါင်းညှိမ့်ခဲ့တာပါ။

ချယ်ဆီး ကစားသမား ဟာကင် ဇီယက်ချ်က သူ့ရဲ့ လူမှု ကွန်ယက်မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဇီယက်က သူ့ အနာဂတ်ကိစ္စ ပရို ကိစ္စတွေကို သူ ကိုယ်တိုင်ပဲ ကိုင်တွယ် ဆုံးဖြတ်တော့မှာ ဖြစ်ပြီး တိုက်ရိုက် ဆက်သွယ်ကြဖို့ အသိပေးထားခဲ့တာပါ။ ဇီယက်က အေစီမီလန်သို့ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။