ဒီဂျောင်းအတွက်လား ဒီပေးအတွက်လား မကွဲပြားတဲ့ ဘိုလီရဲ့ ဘာစီလိုနာ ဆွေးနွေးပွဲ ခရီးစဉ်

ချယ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေနဲ့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ဘာစီလိုနာမြို့မှာ တွေ့ဆုံဖြစ်ကာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ချယ်ဆီးဟာ နည်းပြတူချယ်အတွက် လူစာရင်း အသစ်ကို ဖွဲ့စည်းပေးဖို့ အားထုတ်နေခဲ့ကာ ဘာစီလိုနာကို အပြောင်းအရွှေ့ ကိစ္စအတွက် ရောက်လာတာပါလို့ ဘိုဘီက ဝန်မခံခဲ့ပါဘူး။

ဘာစီလိုနာ မြို့လည်က စားသောက်ဆိုင်မှာ နှစ်သင်းရဲ့ အကြီးပိုင်း တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြကာ အကျိတ်အနယ် ဆွေးနွေးခဲ့ကြဖွယ် ရှိပါတယ်။

ဒီဆွေးနွေးမှုတွေအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အက်ဇ်ပီလီကွယ်တာ၊ အလွန်ဆိုတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို အခြားသော အကြောင်းအရာတွေလည်း ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အက်ဇ်ပီလီကွယ်တာနဲ့ အလွန်ဆိုတို့ နှစ်ဦးလုံးကတော့ ချယ်လ်ဆီးမှာ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေကြတော့တာ ဖြစ်သလို ဘာစီလိုနာကို ပြောင်းရွှေ့ဖို့လည်း စိတ်အားထက်သန်နေကြသူတွေ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ချယ်ဆီးက သူတို့ရဲ့ ပြိုင်ဘက် ယူနိုက်တက်အသင်း အဓိကပစ်မှတ်ဖြစ်သူ ဒီဂျောင်းကိုပါ ကြားဖြတ်ခေါ်ယူချင်နေတာဖြစ်လို့ ကွင်းလယ်လူအတွက်ပါ ထည့်သွင်း ဆွေးနွေးနိုင်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘက်ကတော့ ဒီဂျောင်းအစား အစွန်လူ ဒက်စ်နဲ့ တိုက်စစ်သမား ဒီပေးတို့အတွက် ထည့်သွင်း ဆွေးနွေးခဲ့တာလို့လည်း အသံထွက်နေပါတယ်။

အလားအလာရှိတဲ့ အပြောင်းအရွှေ့ ကိစ္စတွေက ဒီပေး၊ ဒက်စ်၊ ဒီဂျောင်း၊ ကွီတာနဲ့ အလွန်ဆိုတို့ ပါဝင်တဲ့ ဆွေးနွေးစကားပြောမှုဖြစ်ပါတယ်။