ဇာတ်သိမ်းခန်းမှ ယူနိုက်တက်ကို အသည်းခွဲဖို့ တော့ဒ်ဘိုလေ ကိုယ်တိုင် ဘာစီလိုနာ ရောက်နေပါပြီ

ချယ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဒီနွေ တလျောက်လုံး အလေးအနက်ချိတ်ဆက်နေတဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင် ကို ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ကြောင်း စပိန်ဘက်က သတင်းတွေမှာ ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ အဓိက ပစ်မှတ် ကွင်းလယ်သမားကို ချယ်ဆီးကတော့ ချန်ပီယံလိဂ် ကစားခွင့် ကိုင်ပြီး စတန်းဖို့ဘရစ်ချ်သို့ ခေါ်ယူဖို့ ဝင်လုတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်က ဂျူဗင်တပ် ခံစစ်မှုး ဒီလစ် ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဒီဂျောင် ကိုသာ ရမယ် ဆိုရင် အေဂျက် အသင်းဖော်ဟောင်း နှစ်ဦး လန်ဒန်ကလပ်မှာ ပြန်ဆုံနိုင်မှာပါ။

ဒီဂျောင်ကို ခေါ်ယူရေးမှာ မန်ချက်စတာ ယူနိုက်တက်ထက်စာရင် ချန်ပီယံလိဂ် ကစားခွင့် ရထားတဲ့ ချယ်ဆီးကတော့ ပို အခြေအနေ ကောင်းဖွယ် ရှိနေပါတယ်။

သရဲနီတွေဟာ ဒီဂျောင် ကို ခေါ်ယူရေးမှာ ဘာစီလိုနာနဲ့ ညှိနှိုင်းနေရတဲ့ အပြင် ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာ သို့ မလာချင်တာကြောင့် အတော် အကြပ်ရိုက်နေခဲ့တာပါ။

အသက် ၂၅ နှစ် အရွယ် ကွင်းလယ်သမားဟာ ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်နေပြီး ဒီဂျောင်ကို ရမှသာ အခြား ပစ်မှတ်တွေ ခေါ်မယ်လို့ထိပါ ဆုံးဖြတ်ထားခဲ့တာပါ။ ချယ်ဆီးအသင်းက ခုလို အချိန်မှ ဒီဂျောင်ကို ဝင်ရောက် ကြိုးပမ်းတော့မှာက ယူနိုက်တက် အတွက်တော့ ထိုးနှက်မှုကြီး ဖြစ်လာဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေကလည်း ဘာစီလိုနာသို့ မနေ့က ရောက်ရှိနေပြီး အပြောင်းအရွှေ့ ညှိနှိုင်းမှုတွေ တိုက်ရိုက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ တော့ဒ်ဘိုလေ က ဒီဂျောင် ကိစ္စ အပြင် ချယ်ဆီးမှ အလွန်ဆိုနဲ့ ကွီတာတို့ ရောင်းချဖို့ကိုလည်း ဆွေးနွေးမှာပါ။