ပြောင်းရွှေ့ကြေးကြီး ခေါ်ယူမှုနဲ့ ချဲလ်ဆီး အသင်းပိုင်ရှင်သစ် အခန်းကဏ္ဍကို စဖွင့်မယ့် တော့ဒ်ဘိုလီ

ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ အသင်းပိုင်ရှင်သစ် အဖြစ် သူ ကိုယ်တိုင် အပြောင်းအရွှေ့တွေမှာ ပါဝင် နေပြီး ပြောင်းရွှေ့ကြေးမြင့် ကစားသမားသစ် ခေါ်ယူမှုကို ပြုလုပ်ဖို့ စတင်နေပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ မန်စီးတီး တိုက်စစ်သမား စတာလင်ကို ခေါ်ယူရန် အခုသီတင်းပတ်အတွင်း ချဉ်းကပ်လာပါတယ်။

ချဲလ်ဆီးပိုင်ရှင်သစ်က စတာလင်နဲ့ ပတ်သတ်ပြီး မန်စီးတီးထံ ချဉ်းကပ် မေးမြန်းမှုကို တနင်္လာနေ့က လုပ်ဆောင်လိုက်ပြီး လာမယ့်သီတင်းပတ်တွေမှာပဲ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

မန်စီးတီးကနေ ထွက်ခွာချင်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ဆန္ဒက ဆွေးနွေးမှုများအပေါ် အကျိုး သက်ရောက်စေခဲ့ပြီး နည်းပြတူချယ်နဲ့ စတာလင်တို့ ဆွေးနွေးမှုတွေမှာလည်း အပေါင်းလက္ခဏာ ဆောင်တဲ့ရလဒ်တွေ ဖြစ်စေခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

မန်စီးတီးကလည်း ဂျီးဆပ်စ်ကို အာဆင်နယ်ထံ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ခွင့်ပြုပြီးနောက် စတာလင်ကိုလည်း အနောက်လန်ဒန်ကလပ်ဆီ ပေါင် ၅၅ သန်းနဲ့ လက်လွှတ်ဖွယ်ရှိနေပါတယ်။ လာမယ့်ရက်ပိုင်း အတွင်းမှာ စတာလင်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုကို ချဲလ်ဆီးတို့ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

မန်စီးတီးမှာ တစ်ပတ်လုပ်ခပေါင် ၃ သိန်း ရရှိနေတဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှုး နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ကိုတော့ ချဲလ်ဆီးတို့ လုပ်ဆောင်ရဦးမှာပါ။

စီးတီးအနေနဲ့ကတော့ ကစားသမားအတွက် စဉ်းစားဖို့ အချိန်တစ်ခုပေးထားပြီး အသင်းကနေ ထွက်ခွာမယ်ဆိုရင်လည်း လိုလိုလားလား ထွက်ခွာခွင့်ပြုဖို့ ရှိနေပါတယ်။

စတာလင်ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးပိုင်ရှင်သစ်တော့ဒ်ဘိုလီလက်ထက် ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခုကို ဖော်ဆောင်နိုင်မှု ဖြစ်လာဖို့ရှိသလို တူချယ်ရဲ့အသင်းအတွက်လည်း လူကာကူ ထွက်ခွာသွားမှုကြောင့် လူအင်အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အကောင်းစားအင်အားဖြည့်တင်းမှုတစ်ခု ပြုလုပ်နိုင်တာမျိုး ဖြစ်လာဖို့ ရှိပါတယ်။

စတာလင်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းနဲ့အတူ တန်ဖိုးကြီးမားတဲ့ အတွေ့အကြုံပိုင်းနဲ့ ခေါင်းဆောင်မှု အရည်အသွေးတွေကိုပါ ချဲလ်ဆီးထံယူဆောင်လာနိုင်မယ်လို့လည်း တူချယ်က ယုံကြည်နေပါတယ်။

ချဲလ်ဆီးရဲ့ စတာလင်အတွက် ကမ်းလှမ်းမှုက မကြာခင်မှာပဲ ဖြစ်လာဖို့ ရှိနေပြီး နှစ်ဖက်ကလပ်အသင်းတွေနဲ့အတူ ကစားသမားရဲ့ အေးဂျင့်တွေကလည်း အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ် လို့ ယူဆထားကြပါတယ်။