ချယ်ဆီးအတွက် နေမာကို စည်းရုံးရေး ဆင်းပေးနေတဲ့ သီယာဂိုဆေးလ်ဗား

ချယ်ဆီး ခံစစ်မှူး သီယာဂိုဆေးလ်ဗားက သူနဲ့ လက်ရွေးစင် အသင်းဖော် နေမာကို သူနဲ့ တွဲကစားဖို့ လန်ဒန်ကို ပြောင်းရွှေ့လာရေး စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။

တိုက်စစ်ကစားသမား နေမာဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ သူရဲ့ အနာဂတ် အခြေအနေက မတည်မငြိမ် ဖြစ်နေပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း အခုနှစ် နွေဈေးကွက်အတွင်းမှာ သူတို့ကစားသမားအတွက် ကမ်းလှမ်းလာမှုတွေကိုပါ နားစွင့်သွားမယ်လို့ သိရပါတယ်။

နေမာသာ ပြင်သစ်မြေကို စွန့်ခွာဖြစ်ခဲ့ရင် ၊ ၎င်းကို ခေါ်ယူနိုင်တဲ့ ကလပ် အသင်း အရေအတွက် ဟာ လက်တဖက်ပင် မပြည့်နိုင်တဲ့ အနေအထား အထိ နည်းပါးလွန်းနေပါတယ် ။ အထူးသဖြင့် လက်ရှိ ရရှိနေတဲ့ လစာ ပမာဏကြောင့် ဥရောပ ထိပ်တန်း ကလပ် အချို့ပင် လက်ရှောင်ရမယ့် သဘောမှာ ရှိနေပါတယ် ။

နေမာရဲ့ လုပ်ခလစာကို တတ်နိုင်တဲ့ အသင်းတွေထဲမှာ နေမာရဲ့ အရင်းနှီးဆုံးသော အသင်းဖော် သီယာဂိုဆေးလ်ဗားရဲ့ ချယ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။

ဆေးလ်ဗားက ” နေမာသာ အသင်းပြောင်းဖို့ စဉ်းစားဖြစ်ရင် ၊ ချယ်ဆီးကို လာသင့်ပါတယ် ။ ဒီလိုဖြစ်ခဲ့ရင် ၊ သူ့အတွက် အကောင်းဆုံးပါပဲ ။ လောလောဆယ်မှာ ဒီအကြောင်း ဘာမှ မပြောရသေးပါဘူး။

အခုအချိန်အထိ ကျွန်တော်လည်း ဘာမှ မသိရသေးပေမယ့် ၊ အမှန်တတယ် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့တော့ မျှော်လင့်ပါတယ်။

နေမာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောနေဖို့တောင် မလိုပါဘူး။ အဲ့ဒါတွေအပြင် သူက ကျွန်တော့်အတွက်ဆိုရင် တကယ့်ကို သူငယ်ချင်းကောင်းကြီးပါ။ ဒီသတင်းတွေက တစ်ခုခု ဖြစ်လာမယ့်အစား အခုပြောသလိုသာ ဖြစ်လာဖို့ကိုပဲ မျှော်လင့်တယ်။

ဒါပေမယ့်လည်း နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ ဘာမှမသိနေပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဆေးလ်ဗားနဲ့ နေမာတို့ဟာ လက်ရွေးစင် အသင်းဖော်တွေဖြစ်ကြသလို ပီအက်စ်ဂျီအသင်းမှာလည်း တွဲဖက်ကစားဖူးကြပြီး အသင်းဖော် ဆက်ဆံရေးထက် ပိုမိုတဲ့ ညီအစ်ကို ဆက်ဆံရေးလိုပါ ရှိနေကြသူတွေ ဖြစ်ပါတယ်။