ပီတာချက် ချဲလ်ဆီး ကနေ နှုတ်ထွက်သွားရခြင်းမှာ အသင်းပိုင်ရှင်သစ်နဲ့ လူကာကူ ကိစ္စတွေ ပါဝင်နေ

ချဲလ်ဆီး နည်းစနစ်ဒါရိုက်တာ ပီတာချက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ချဲလ်ဆီးအသင်းကနေ မထွက်ခွာခင်မှာ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ လူကာကူ ကိစ္စ အငြင်းပွားခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ချဲလ်ဆီးအသင်းရဲ့ဂန္ထဝင်ဂိုးသမားကြီး ပီတာချက် ဟာ နည်းစနစ်ဒါရိုက်တာ ရာထူးကနေ ထွက်ခွာတော့မယ်လို့ တနင်္လာနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၃ နှစ်က ချဲလ်ဆီးအသင်းရဲ့ဒီရာထူးကို ယူခွင့်ရခဲ့တဲ့အတွက် တကယ်ဂုဏ်ယူရပါတယ်။ အသင်းပိုင်ရှင် အသစ် အောက်မှာ အခုက ကျွန်တော့် နောက်ဆုတ်ပေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်။ ပိုင်ရှင်အသစ်နဲ့ သူတို့တွေ အဆင်ပြေပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။

တယ်လီဂရပ်ဖ်သတင်းဌာနရဲ့ ပီတာချက်ရဲ့ဆုံးဖြတ်ချက်ဟာ အသင်းပိုင်ရှင်အသစ်နဲ့ အပြောင်းအရွှေ့ ကိစ္စတွေ သဘောထား ကွဲလွဲခဲ့တာနဲ့ သက်ဆိုင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ချက်ဟာ ယခင်အပြောင်းအရွှေ့တွေတုန်းက ဂရာနိုဗက်စကီးနဲ့ လက်တွဲညီခဲ့တာဖြစ်ပြီး မန်ဒီကို ခေါ်ယူရာမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘိုလီရောက်လာပြီးနောက် အမေရိကန်သားဟာ နည်းပြ တူချယ်နဲ့ အတူ အပြောင်းအရွှေ့ကို ကိုင်တွယ် လာခဲ့တာဖြစ်ပါတယ်။ အထင်ရှားဆုံး အဆုံးအဖြတ်အဖြစ် လူကာကူကို အင်တာမီလန်အသင်းထံ အငှားပြန်လည် စေလွှတ်ခဲ့ပါတယ်။

နည်းပြ တူချယ်ဟာ ဘယ်လ်ဂျီယံသားကို အသင်းရဲ့အစီအစဉ်ထဲမှာ မထည့်ထားသလို ကစားကွက်လည်း အံမဝင်တာကြောင့် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပီတာ ချက်ကတော့ လူကာကူကို အသင်းမှာပဲ နောက်တစ်ရာသီ ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လူကာကူကို အငှားလွှတ်ဖို့ ဘိုလီသဘောမတူခင် ပီတာချက်က “လူကာကူက ဒီမှာရာသီကောင်းတစ်ခု ရှိခဲ့တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူ စရောက်ကတည်းက အကောင်းဆုံံး စွမ်းဆောင်ပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကာလရှည်ဒဏ်ရာကြောင့် သူအကျပိုင်းကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ပြီးတော့ ကိုဗစ်လည်း ထပ်မံရရှိခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ သူအကောင်းဆုံး ဖြစ်နေမယ်လို့ ကျွန်တော် ထင်ခဲ့တာပါ။ သူ နောက်ထပ် ရာသီကောင်းတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။