ချယ်ဆီးအသင်း ဆုဖလားတွေ ပိုမို ပြိုင်ဆိုင်လာနိုင်စေတဲ့ အပြောင်းအလဲကြီးကို ရှင်းပြခြင်း

ချယ်ဆီးအသင်းဟာ နည်းပြဟောင်း လမ်းပတ် လက်ထက် ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူးရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာတာက တူချယ်ရဲ့ ကိုင်တွယ်မှုကြောင့်ပါလို့ ဂိုးသမား ကီပါက ထုတ်ပြောလာပါတယ်။

တူချယ်ဟာ လမ်းပတ်ကြောင့် အဆင့် ၈ နေရာ ရောက်ခဲ့တဲ့ ချယ်ဆီးအသင်းကို လွဲပြောင်း တာဝန်ယူရာမှာ ရာသီ အကုန် အဆင့် ၄ နေရာ ရောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၊ ကလပ် သမိုင်းတလျှောက် ဒုတိယမြောက် ချန်ပီယံလိဂ် ဖလားကိုပါ ဆွတ်ခူးပေးခဲ့ပါတယ်။

ဒါ့အပြင် တူချယ် လက်ထက် ချယ်ဆီးအသင်းရဲ့ ကစားပုံ သိသိသာသာ တိုးတက်ခဲ့သလို ၊ ခံစစ်ပိုင်း ပိုမို ကျစ်လျစ်ခဲ့ရုံမက ၊ ကစာသမား အများစုရဲ့ ခြေစွမ်းဟာလည်း ပိုကောင်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာတော့ ဒဏ်ရာ ထိုးနှက်မှုတွေဟာ ရာသီဝက် ကာလထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့ တူချယ်ရဲ့ အသင်းကို ထိခိုက်မှု ကြီးစေခဲ့ပါတယ်။ တူချယ်ဟာ ချယ်ဆီးအတွက် ပြည်တွင်းဖလား ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ရယူပေးခဲ့ပါတယ် ။

လမ်းပတ်နဲ့ တူချယ် မတိုင်မီ ချယ်ဆီး့ ကလပ် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အရန် ဂိုးသမား ကီပါက နည်းပြ ၂ဦး အကြား အဓိက ကွာဟချက် တချက်ဟာ ပွဲအကြောင်း အချက်အလက်ကျကျ ပြင်ဆင်မှု ရှိခြင်းနဲ့ မရှိခြင်း ဖြစ်ကြောင်း ထုတ်ပြောလာခဲ့တယ်။

ကီပါ က ” ဖရန့် လမ်းပတ် လက်ထက်မှာတုန်းက ကျွန်တော်တို့ဟာ ပွဲအကြောင်း အချက်အလက်ကျကျ ဂရုမစိုက်ခဲ့ပါဘူး ။ ခံစစ်ကနေ တိုက်စစ်ကို စနစ်ကျကျ စတင် ကစားဖို့လည်း မလိုခဲ့ပါဘူး ။ ကစားသမားတွေ အနေနဲ့ ကိုယ့်စိတ်ထဲ ခံစားရသလို ပွဲအပေါ်လိုက်ပြီး ကစားဖို့သာ ကြိုးစားခဲ့ရပါတယ်။

ဒီတော့ ရှေ့ရောက်လိုက် နောက်ရောက်လိုက် ခဏခဏ ဖြစ်ခဲ့ပြီး ၊ ထိန်းချုပ်မှုအား နည်းခဲ့ပါတယ် ။ တူချယ် လက်ထက်မှာတော့ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်ဖို့ကို အဓိက အာရုံစိုက်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ဟာ ထိပ်ဆုံးက ၂သင်း အနား မကပ်နိုင်ခဲ့တာ မှန်ပေမယ့် ၊ တခြား ပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၂၇နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကီပါ ဟာ တူချယ် လက်ထက်မှာတော့ ပွဲထွက် ဂိုးသမားနေရာက ဆင်းပေးခဲ့ရာက ဖလားပွဲတွေမှာ အဓိက ပွဲထွက်ရတဲ့ ဒုတိယ ဦးစားပေးနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။